အိမ်ကွင်းမှာဆယ်လ်တာဗီဂိုအသင်းကိုဂိုးပြတ်အနိုင်ရရှိခဲ့တဲ့ရီးယဲလ်မက်ဒရစ်

Thet Htet Lin

ယနေ့မနက် ဘာနေမျူးကွင်းမှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ ရီးယဲလ်မက်ဒရစ်အသင်းနဲ့ ဆယ်လ်တာဗီဂို အသင်းတို့ရဲ့ ပွဲစဉ်မှာတော့ ရီးယဲလ်မက်ဒရစ်အသင်းက (၆)ဂိုး ဂိုးမရှိနဲ့ ဂိုးပြတ်အနိုင်ရရှိခဲ့ပြီး ရာသီကုန် အမှတ်ပေးဇယား ဒုတိယနေရာအတွက် မျှော်လင့်ချက်တွေရှိနေပါသေးတယ်။

အိမ်ရှင်ရီးယဲလ်မက်ဒရစ်အသင်းဟာ ပွဲအစ (၁၃)မိနစ်မှာပဲ စောစောစီးစီး ဂိုးရခဲ့ပါတယ်။ လူကာမိုဒရစ် ရဲ့ ဖန်တီးမှုမှတစ်ဆင့် ဂါရတ်ဘေးလ်က ဂိုးသမားရဲ့ ဘယ်ဘက်ခြမ်းမှ မြေလှိမ့်ဘောကန်သွင်းကာ ရီးယဲလ်မက်ဒရစ်အသင်းအတွက် အဖွင့်ဂိုး ရယူပေးခဲ့တာဖြစ်ပါတယ်။

(၃)မိနစ်အကြာမှာပဲ ဆယ်လ်တာဗီဂိုအသင်းအတွက် ဂျိုဇာဘက်ဆန်းချက်ဇ် သွင်းဂိုးတစ်ဂိုး သွင်းယူပေးခဲ့ပေ မယ့်လည်း လူကျွံဘောအဖြစ်သာ သတ်မှတ်ခြင်းခံခဲ့ရပါတယ်။

ပွဲချိန် မိနစ် (၃၀)မှာ ရီးယဲလ်မက်ဒရစ်အသင်းက ဒုတိယမြောက်ဂိုး ထပ်မံရရှိခဲ့ပါတယ်။ အစ္စကိုရဲ့ ဖန်တီးမှုမှ တစ်ဆင့်ဂါရက်ဘေးလ်က လှလှပပနဲ့ ဂိုးပေါက်ညာဘက်ထောင့်ထဲကို ကန်သွင်းပြီး ဒုတိယမြောက်ဂိုး ရယူခဲ့တာ ဖြစ်ပါတယ်။

ပွဲကစားချိန် (၃၂)မိနစ်မှာတော့ အစ္စကိုက နောက်ထပ်သွင်းဂိုးတစ်ဂိုးသွင်းယူပေးခဲ့ပြီး ပထမပိုင်းပြီးဆုံးချိန်မှာ ရီးယဲလ်မက်ဒရစ်အသင်းက (၃)ဂိုး ဂိုးမရှိနဲ့ ဦးဆောင်နိုင်ခဲ့ပါတယ်။

ဒုတိယပိုင်းပြန်လည်စတင်ပြီး သိပ်မကြာခင် ပွဲချိန် (၅၂)မိနစ်မှာ ဘန်ဇီမာရဲ့ ချထားပေးမှုမှတစ်ဆင့် ဟာခီမီ က ဂိုးအဖြစ်သွင်းယူပြီး ရီးယဲလ်မက်ဒရစ်အသင်း စတုတ္ထဂိုး ရရှိခဲ့ပါတယ်။

ပွဲကစားချိန် (၇၅)မိနစ်မှာတော့ အေဆန်စီယိုရဲ့ ဘယ်တောင်ပံဘက်ခြမ်းမှ ချထားပေးမှုကို ဆယ်လ်တာဗီဂို နောက်ခံလူ ဆာဂျီဂိုးမက်ဇ် ဖျက်ထုတ်ရာမှာ ဂိုးထဲဝင်သွားခဲ့ပါတယ်။

ပွဲကစားချိန် (၈၁)မိနစ်မှာ တိုနီခရူးစ်က ပွဲသိမ်းဂိုး သွင်းယူပေးခဲ့ပြီး ပွဲပြီးဆုံးချိန်မှာတော့ ရီးယဲလ်မက်ဒရစ်အသင်းက (၆)ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့ပါတယ်။

ရီးယဲလ်မက်ဒရစ်အသင်းဟာ လက်ရှိချိန်မှာ တစ်ပွဲကစားဖို့ ကျန်ရှိနေသေးပြီး ရမှတ် (၇၅)မှတ်နဲ့ အမှတ်ပေး ဇယားရဲ့ တတိယနေရာမှာ ရပ်တည်နေပါတယ်။

မှတ်ချက်များ။