ဒေါ့မွန်အသင်းနည်းပြပီတာစတိုဂါအသင်းမှထွက်ခွာမည်ဖြစ်ကြောင်းအတည်ပြုကြေငြာ

Thet Htet Lin

ဒေါ့မွန်အသင်းနည်းပြ ပီတာစတိုဂါဟာ ဘွန်ဒက်စ်လီဂါနောက်ဆုံးပွဲစဉ်အဖြစ် ဟော်ဖင်ဟိန်း အသင်းကို ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်အပြီးမှာပဲ အသင်းမှ ထွက်ခွာမည်ဖြစ်ကြောင်း အတည်ပြုကြေငြာခဲ့ပါတယ်။

ဒေါ့မွန်အသင်းဟာ ယခုနှစ်ဘောလုံးရာသီမှာ လီဗာကူဆင်အသင်းနဲ့ ရမှတ်တူခဲ့ပေမယ့်လည်း ဂိုးကွာခြားချက်အသာရရှိခဲ့တာကြောင့် အမှတ်ပေးဇယား စတုတ္ထနေရာ ရပ်တည်နိုင်ခဲ့ကာ ချန်ပီယံလိဂ်ဝင်ခွင့်ရရှိခဲ့ပါတယ်။ ဒါပေမယ့်လည်း နည်းပြစောင်း ပီတာဘော့ဇ် နေရာမှာ ဆက်ခံ ကိုင်တွယ်ခဲ့တဲ့ ပီတာစတိုဂါကတော့ နည်းပြသစ်တစ်ယောက်လိုအပ်ပြီဖြစ်ကြောင်း ဆုံးဖြတ်ချက် ချခဲ့တာဖြစ်ပါတယ်။

“ ဒီပွဲက ကျွန်တော့်အတွက် ဒေါ့မွန်အသင်းကို ကိုင်တွယ်တာ နောက်ဆုံးပွဲစဉ်ပါ။ ဒါကို ကျွန်တော် အရင်တည်းက ဆုံးဖြတ်ခဲ့တာပါ။ နောက်ထပ် နည်းပြသစ်နဲ့အတူ နည်းစနစ်အသစ်တွေနဲ့ အသင်းကို အကောင်းဆုံး စွမ်းဆောင်ပေးပါလိမ့်မယ်။ ” လို့ ပီတာစတိုဂါက ESPN ကို ပြောပါတယ်။

ပီတာစတိုဂါက သူ့အနေနဲ့ အသင်းကို အကောင်းဆုံး ကိုင်တွယ်နိုင်ခဲ့ပေမယ့်လည်း နောက်ဆုံး ပွဲစဉ်မှာ ကြုံတွေ့ခဲ့ရတဲ့ အရှုံးရလဒ်ဟာ စိတ်ပျက်ဖွယ်ဖြစ်ခဲ့ကြောင်း ဆိုပါတယ်။

“ ဒီနေ့ပွဲရလဒ်ကတော့ ဒေါ့မွန်အသင်းရဲ့ ရာသီတစ်လျှောက် ဖြတ်သန်းမှုတွေရဲ့ ရောင်ပြန်ပါပဲ။ ဘာပဲဖြစ်ဖြစ် အသင်းက ချန်ပီယံလိဂ် ဝင်ခွင့်ရသွားပြီဖြစ်လို့ အရေးကြီးနေပါသေးတယ်။ ” လို့ ပီတာ စတိုဂါက ဆက်လက်ပြောကြားခဲ့ပါတယ်။

ဒေါ့မွန်အသင်းအနေနဲ့ နည်းပြသစ်ကို အတည်ပြု ကြေငြာခြင်းမရှိသေးပေမယ့်လည်း နိုက်စ် အသင်းရဲ့ နည်းပြ လူစီယန်ဖာ့ဗ် ကတော့ ဒေါ့မွန်အသင်းနည်းပြဖြစ်လာဖို့ ရေပန်းစားနေပါတယ်။

မှတ်ချက်များ။