ညာလက်ရုံးနည်းပြတစ်ယောက်ကိုလက်လွှတ်ရတော့မယ့်မော်ရင်ဟို

Thet Htet Lin

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ လက်ထောက်နည်းပြ ရူအီဖာရီယာ ဟာ ရာသီကုန်မှာ အသင်း ကနေထွက်ခွာတော့မှာဖြစ်ကြောင်း ကြေငြာခဲ့တာကြောင့် နည်းပြမော်ရင်ဟိုအနေနဲ့ နှစ်ရှည်လများ လက်တွဲခဲ့တဲ့ ညာလက်ရုံးတစ်ဆူကို လက်လွှတ်ဆုံးရှုံးရတော့မှာဖြစ်ပါတယ်။

ပေါ်တူဂီနိုင်ငံသားနှစ်ဦးဖြစ်တဲ့ မော်ရင်ဟိုနဲ့ ရူအီဖာရီယာ တို့ဟာ (၁၇)နှစ်ကြာ လက်တွဲခဲ့တာဖြစ်ပြီး ပေါ်တို ၊ ချယ်ဆီး ၊ အင်တာမီလန် ၊ ရီးယဲလ်မက်ဒရစ် ၊ မန်ချက်စတာယူနိုက်တက် အသင်းတွေမှာ အတူတကွ တာဝန်ထမ်းဆောင်ခဲ့ကြပါတယ်။

ဒါပေမယ့်လည်း ရူအီဖာရီယာ အနေနဲ့ ဘောလုံးလောက ကနေအနားယူပြီး မိသားစုအတွက် ပိုအချိန် ပေးဖို့အပြင် နောက်ထပ် အသက်မွေးဝမ်းကျောင်းမှု တစ်ခုကို ရှာဖွေလိုတာကြောင့် ယခုလို အသင်းမှ ထွက်ခွာဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။

မော်ရင်ဟိုကတော့ ရူအီဖာရီယာကို နည်းပြတစ်ဦးအဖြစ် ဆက်လက် ရပ်တည်ဖို့ တိုက်တွန်းထားပြီး သူ့ဆီမှ အရာအားလုံးကို သင်ယူပြီးခဲ့ပြီဖြစ်ကြောင်း ဆိုပါတယ်။

“ (၁၇)နှစ်အတွင်းမှာပဲ ချာတိတ်လေးတစ်ဦးက အခုဆိုရင် လူကြီးဖြစ်လာခဲ့ပါပြီ။ (၁၇)နှစ်အတွင်း ကျွန်တော်တို့ ပေါ်တို ၊ လန်ဒန် ၊ မီလန် ၊ မက်ဒရစ် ၊ ပြီးတော့ လန်ဒန်နောက်တစ်ခေါက် ၊ အဲဒီကမှ မန်ချက်စတာ စသဖြင့် နေရာတိုင်းမှာ ကျွန်တော်တို့ အတူရှိခဲ့ပါတယ်။ ထရိန်နင်တွေ ၊ ကစားချိန်တွေ ၊ လေ့လာသင်ယူမှုတွေ ၊ ပျော်ရွှင်ရယ်မောမှုတွေ ၊ ဝမ်းနည်းမှုတွေ အတူ မျှဝေခံစား ခဲ့ကြပါတယ်။ သိပ်ကို ထက်မြက်တဲ့ ကျောင်းသားလေးက အခုဆို ဘောလုံးနဲ့ပတ်သက်ရင် ဆရာကြီး ဖြစ်နေပါပြီ။ အခုဆို ရူအီဖာရီယာဟာ နည်းပြ တစ်ဦးအနေနဲ့ ရပ်တည်ဖို့ အဆင်သင့်ဖြစ်နေပါပြီ။ ” လို့ မော်ရင်ဟိုက သူတို့ နှစ်ဦးရဲ့ လက်တွဲမှုကို ပြောပြခဲ့ပါတယ်။

ရူအီဖာရီယာက ပြောကြားခဲ့ရာမှာတော့ – “ အချိန်တော်တော်ကြာ နက်နက်နဲနဲ စဉ်းစားခဲ့ပြီးချိန် မှာပဲ အခုချိန်က ကျွန်တော့်အတွက် ပြောင်းရွှေ့ဖို့ အကောင်းဆုံးဆိုတာကို သိခဲ့ပြီးဆုံးဖြတ်ခဲ့တာပါ။ (၁၇) နှစ်အတွင်းမှာ မယုံနိုင်လောက်စရာ ၊ မမေ့နိုင်စရာ အတွေ့အကြုံတွေရခဲ့ပါတယ်။ ဒါပေမယ့်လည်း ကျွန်တော့်ရဲ့ ပရော်ဖက်ရှင်နယ်ဘဝတစ်ခု စိန်ခေါ်မှုတွေ မတိုင်ခင်မှာပဲ ကျွန်တော့်မိသားစုအတွက် ပို ပြီးအချိန်မပေးနိုင်တာကို ခံစားခဲ့ရတယ်။ ” လို့ ဆိုပါတယ်။

“ ပြောရရင် နှစ်ပေါင်းများစွာကာလတစ်ခုမှာ ကျွန်တော့်လို ကျောင်းသားတစ်ယောက်ရဲ့ အိပ်မက်တွေ ကို ယုံကြည်စွာနဲ့ တာဝန်ပေးအပ်ခဲ့တဲ့ နည်းပြ မော်ရင်ဟိုကို တကယ်ကျေးဇူးတင်ပါတယ်။ သူ့ရဲ့ အတွေ့အကြုံနဲ့ပညာတွေ မျှဝေပေးတာတွေသာမက ကျွန်တော့်အပေါ်ယုံကြည်မှုရှိစွာနဲ့ အခွင့်အရေး ပေးခဲ့သလို အထူးသဖြင့် ကျွန်တော်တို့ရဲ့ သူငယ်ချင်းဆက်ဆံရေးအတွက်ပါ ကျေးဇူးတင်နေဦးမှာပါ။ ”

“ ပြီးတော့ ကျွန်တော့်ကို လုပ်ပိုင်ခွင့်တွေပေးခဲ့တဲ့ မန်ချက်စတာယူနိုက်တက်အသင်း အပါအဝင် ကလပ် အသင်းတွေအားလုံးကိုလည်း ကျေးဇူးတင်ပါတယ်။ ပြီးတော့ ကျွန်တော်ပရော်ဖက်ရှင် နယ် တစ်ယောက်ဖြစ်လာစေဖို့ ကူညီပံ့ပိုးပေးခဲ့တဲ့ ကစားသမားတွေ ၊ နည်းပြအဖွဲ့ဝန်ထမ်းတွေ အားလုံးကိုလည်း ကျေးဇူးတင်ပါတယ်။ အနာဂတ်မှာ အားလုံး အကောင်းဆုံး လုပ်နိုင်ဖို့လည်း ဆန္ဒပြုပါတယ်။ အားလုံးကျွန်တော့်ရဲ့ သူငယ်ချင်းကောင်းတွေအဖြစ် ဆက်ရှိနေမှာပါ။ ” လို့ ရူအီဖာရီယာက ဆက်လက်ပြောကြားခဲ့ပါတယ။်

မှတ်ချက်များ။