ဘင်ဖီကာ အသင်းကို ပြန်လည်ပြောင်းရွှေ့ကစားရန် တိုက်တွန်းခံခဲ့ရတဲ့ ရီနာတို ဆန်းချက်

ဆွမ်ဆီးအသင်း နည်းပြဖြစ်သူ ကားလို့စ် ကာဗယ်ဟောက အသင်းမှာ အငှားနဲ့လာရောက်ကစားနေပြီး လူမှုကွန်ယက်တွေပေါ်မှာ ပရိသတ်တွေရဲ့ အဓိကတိုက်ခိုက်မှုနဲ့ ရင်ဆိုင်နေတဲ့ ရီနာတို ဆန်းချက်ကို အသင်းဟောင်း ဘင်ဖီကာ အသင်းထံ ပြန်လည်သွားရောက်ကစားရန် တိုက်တွန်းခဲ့ပါတယ်။

ရီနာတို အသင်းနဲ့ချုပ်ဆိုထားခဲ့တဲ့ စာချုပ်ဟာ ယခုနှစ်ရာသီကုန်မှာ ကုန်ဆုံးမှာဖြစ်ပြီး ဆွမ်ဆီးအသင်းကို ရောက်ရှိခဲ့စဉ်တည်းက ဒဏ်ရာပြဿနာတွေနဲ့ ရုန်းကန်နေခဲ့ရပြီး ပြီးခဲ့တဲ့ ဇန်န၀ါရီလ (၂) ရက်နေ့တည်းက အသင်းအတွက် ပွဲထွက်ကစားပေးနိုင်ခဲ့ခြင်း မရှိခဲ့သလို ဒီတစ်ပတ်မှာ ကစားမယ့် ရာသီနောက်ဆုံးပွဲစဉ်ကိုလည်း လွဲချော်သွားဖို့ရှိနေပါတယ်။ဒါ့ကြောင့် ပရိသတ်တွေက တွစ်တာပေါ်မှာ ဝေဖန်မှုတွေပြုလုပ်ခြင်းနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ဆောက်သမ်တန်အသင်းနဲ့ ဆွမ်ဆီးအသင်းတို့ ကစားခဲ့တဲ့ ပွဲစဉ်အပြီးမှာ ရီနာတိုဟာ သူ့ရဲ့ကိုယ်ပိုင် emoji တွေကို ထုတ်ဖော်ပြသခြင်းကိုလည်း ပြုလုပ်ခဲ့ပါတယ်။

ဘိုင်ယန်မြူးနစ်အသင်းကို ရောက်ရှိခဲ့ပြီးနောက်မှာ ရီနာတိုအနေနဲ့ လိဂ်ပွဲစဉ် (၉) ပွဲသာ ပါဝင်ကစားခွင့်ရရှိခဲ့တဲ့အထိ ရုန်းကန်ခဲ့ရတာကြောင့် ဆွမ်ဆီးအသင်းကို အငှားစာချုပ်နဲ့ ပြောင်းရွှေ့ခဲ့သူဖြစ်ပါတယ်။

ဘိုင်ယန်အသင်းကို ပြီးခဲ့တဲ့ (၂) နှစ်က ပေါင်သန်း (၆၀) နဲ့ပြောင်းရွှေ့ခဲ့တဲ့ ရီနာတိုအနေနဲ့ အသင်းဟောင်း ဘင်ဖီကာအသင်းကိုသာ ပြန်လည်ပြောင်းရွှေ့သင့်တယ်လို့ နည်းပြ ကာဗယ်ဟောက တိုက်တွန်းခဲ့တာဖြစ်ပါတယ်။

“ သူဆိုးရွားတဲ့ရာသီတစ်ခုကို ဖြတ်သန်းခဲ့ရတယ်ဆိုတာ သူကိုယ်တိုင်လည်းသိပါတယ်။ လက်ရှိသတင်းစာတွေမှာ ရီနာတို ဘင်ဖီကာအသင်းကို ပြန်လည်ပြောင်းရွှေ့မယ်လို့ သတင်းတွေထွက်ပေါ်နေခဲ့ပြီး ဒီသတင်းသာ အမှတ်ဖြစ်ခဲ့မယ်ဆိုရင် သူ့အတွက် အကောင်းဆုံးပြန်လာနိုင်ဖို့ ခြေလှမ်းအစလို့ ဆိုရမှာပါ”

“ သူဟာ နိုင်ငံကစားသမားဘ၀ကို အသက် (၁၉) နှစ်အောက်အသင်းကနေ လက်ရွေးစင်အသင်းကြီးမှာ ပါဝင်တဲ့အထိ လျင်မြန်စွာ ခြေလှမ်းတိုးတက်ခဲ့သူပါ။ဒါပေမယ့် သူလက်ရှိအချိန်မှာ အသင်းကြီးတစ်သင်းကို ပြန်လည်ပြောင်းရွှေ့မလား ပေါ်တူဂီမြေကို ပြန်လည်ခြေချမလားဆိုရင် ကျွန်တော့်အမြင်ကတော့ သူဟာငယ်ရွယ်တဲ့ လူငယ်တစ်ဦးအဖြစ်သာ ရှိနေသေးတာကြောင့် ဘင်ဇီကာအသင်းမှာ (၂) နှစ် (၃) နှစ်လောက်ပြန်ကစားသင့်ပါတယ်။”

“ ဘိုင်ယန်အသင်းလို ကမ္ဘာ့အကောင်းဆုံအသင်းတွေထဲက တစ်သင်းကို ပြန်လည်ပြောင်းရွှေ့မယ်ဆိုရင်တော့ ပွဲထွက်ခွင့်အတွက်က ခက်ခဲနေဦးမှာပါပဲ။သူမှာ ပင်ကိုအရည်အချင်းက ရှိနေပြီးသားပါ။ ဘင်ဖီကာအသင်းကိုသာ ပြန်လည်ပြောင်းရွှေ့ခဲ့မယ်ဆိုရင် မိသားစုတွေရဲ့ နွေးထွေးမှုကို ပြန်လည်ခံစားရနိုင်တာကြောင့် သူ့အတွက် အကောင်းဆုံး အကျိုးအမြတ်ရရှိစေမှာပါ” ဆိုပြီး နည်းပြ ကာဗယ်ဟောက ပြောကြားခဲ့ပါတယ်။

မှတ်ချက်များ။