နေမာPSGမှာသာဆက်ရှိမည်ဖြစ်ကြောင်းအသင်းဥက္ကဌအခိုင်အမာပြောကြား

Thet Htet Lin

PSG အသင်းရဲ့ဥက္ကဌဖြစ်သူ နက်ဆာအယ်လ်ကလိုင်ဖီက သူတို့အသင်းကစားသမား နေမာ အနေနဲ့ လာမယ့်ရာသီမှာလည်း အသင်းမှာ ဆက်ရှိနေမည်ကို (၂၀၀၀) ရာခိုင်နှုန်း အာမခံနိုင်ကြောင်းပြောကြား လိုက်ပါတယ်။

နေမာဟာ မကြာသေးခင်ကအချိန်တွေမှာ အသင်းပြောင်းရွှေ့ဖို့ သတင်းအမျိုးမျိုးထွက်ပေါ်ခဲ့သလို ရီးယဲလ်မက်ဒရစ် အသင်းကလည်း သူ့ကိုခေါ်ယူဖို့ စီစဉ်နေခဲ့ကြောင်းလည်း ပြောနေကြပါတယ်။ နေမာဟာ ပြီးခဲ့တဲ့ အပြောင်းအရွှေ့ကာလက ဘာစီလိုနာအသင်းမှ PSG အသင်းကို ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေး ပေါင် သန်း (၂၀၀)နဲ့ ပြောင်းရွှေ့ခဲ့တာလည်းဖြစ်ပါတယ်။

လက်ရှိချိန်မှာ နေမာအသင်းပြောင်းရွှေ့မယ့်သတင်းတွေ အမျိုးမျိုးပေါ်ထွက်နေပေမယ့်လည်း အသင်းဥက္ကဌဖြစ်သူ အယ်လ်ကလိုင်ဖီကတော့ နေမာဟာ အနာဂတ်မှာ PSG အသင်းနဲ့သာ အတူဆက်ရှိဖို့ ယုံကြည်ကြောင်း ဆိုပါတယ်။

နေမာ ရဲ့အပြောင်းအရွှေ့နဲ့ပတ်သက်ပြီး မေးမြန်းခဲ့ရာမှာတော့ –

“ ကျွန်တော့်အတွက်က သေချာပါတယ်။ နေမာ အသင်းမှာ ဆက်ရှိဖို့ (၂၀၀၀) ရာခိုင်နှုန်း သေချာ ပါတယ်။ သူ့မှာစာချုပ်ရှိသေးတယ်။ သူဒီမှာပဲ ဆက်ရှိချင်တာပါ။ စပိန်ကမီဒီယာတွေက ဒီအကြောင်း ကို အောက်တိုဘာလကတည်းက ပြောနေကြတာပါ။ နေမာမပျော်တော့ဘူးဆိုပြီး ပြောနေကြတာပါ။ အဲဒါက လုံးဝမှားပါတယ်။ ကျွန်တော် ကောလဟာလ သတင်းတွေကို တုန့်ပြန်သွားမှာမဟုတ်ပါဘူး။ သေချာတာကတော့ သူ PSG အသင်း ကစားသမားအနေနဲ့သာ ဆက်ရှိနေမှာပါ။ ” လို့ PSG အသင်း ဥက္ကဌ အယ်လ်ကလိုင်ဖီက ပြောကြားခဲ့ပါတယ်။

နေမာဟာ ယခုရာသီအတွင်း ပြိုင်ပွဲအရပ်ရပ် သွင်းဂိုး (၂၈)ဂိုး သွင်းယူနိုင်ခဲ့ပြီး ဖေဖော်ဝါရီလကတည်း ကစလို့ ဒဏ်ရာကြောင့် အနားယူခဲ့ရတာဖြစ်ပါတယ်။ ဒါကြောင့် နေမာဟာ ရာသီပြီးဆုံးခါနီးပွဲစဉ် အချို့ကို လွဲချော်ခဲ့ရတာဖြစ်ပါတယ်။

နေမာအနေနဲ့လက်ရှိချိန်မှာ ပြန်လည်သက်သာလာဖို့ အနားယူနေရပြီး ရုရှားမှာ ပြုလုပ်မယ့် ကမ္ဘာ့ဖလားပြိုင်ပွဲအမီ ပြန်လည်သက်သာလာဖို့ မျှော်လင့်နေပါတယ်။

မှတ်ချက်များ။