အိမ်ကွင်းဂိုးပြတ်နိုင်ပွဲနဲ့ရာသီကုန်မှာစတုတ္ထနေရာရပ်တည်နိုင်ခဲ့တဲ့လီဗာပူးလ်

Thet Htet Lin

အန်ဖီးလ်မှာကစားခဲ့တဲ့လီဗာပူးလ်အသင်းရဲ့ ရာသီသိမ်းပွဲစဉ်မှာတော့ ဘရိုက်တန်အသင်းကို (၄)ဂိုး ဂိုးမရှိနဲ့ ဂိုးပြတ်အနိုင်ရယူခဲ့ပြီး ဆာလက်ဟာလည်း ပရီးမီးယားလိဂ် သွင်းဂိုး (၃၂)ဂိုး ထိ သွင်းယူနိုင်ခဲ့ပါတယ်။

လီဗာပူးလ်အသင်းဟာ ပထမပိုင်း (၁၅)မိနစ်လောက်အထိ ဘောလုံးပိုင်ဆိုင်မှု အသာစီးရယူနိုင်ခဲ့ပြီး အခွင့်အရေးတွေလည်း အကြိမ်ကြိမ် ဖန်တီးနိုင်ခဲ့ပါတယ်။

ပွဲကစားချိန် (၂၆)မိနစ်မှာပဲ လီဗာပူးလ်အသင်းက အဖွင့်ဂိုး ရယူနိုင်ခဲ့ပါတယ်။ အမှတ်မထင်ရရှိလာတဲ့ အခွင့်အရေးမှတစ်ဆင့် နောက်ခံလူတွေရှိနေတဲ့ကြားထဲက ဆာလက်က ဂိုးပေါက်ရဲ့ ဘယ်ဘက်ခြမ်းကို မြေလှိမ့်ဘောသွင်းယူကာ ဂိုးရယူခဲ့တာဖြစ်ပါတယ်။ ဒါဟာဆာလက်အတွက် ယခုရာသီအတွင်း (၃၂)ဂိုး မြောက် ပရီးမီးယားလိဂ် သွင်းဂိုးလည်း ဖြစ်ခဲ့ပါတယ်။

အဲဒီနောက် မာနေးနဲ့ ဆာလက်တို့ရဲ့ အတွဲညီညီထိုးဖောက်မှုမှတစ်ဆင့် ဂိုးရဖို့ ကြိုးစားခဲ့ပေမယ့်လည်း ဘရိုက်တန်အသင်း ဂိုးသမားနဲ့ နောက်ခံလူ ရှိန်းဒက်ဖီ အကောင်းဆုံး ခုခံ ဟန့်တားနိုင်ခဲ့ပါတယ်။

အဲဒီနောက် လီဗာပူးလ်အသင်းဟာ အခွင့်အရေး (၂)ကြိမ်ရခဲ့ပြီး ဝစ်နယ်ဒန် ရဲ့ ကန်သွင်းမှုကို ဘရိုက်တန် ဂိုးသမား ရိုင်ယန် ကာကွယ်နိုင်ခဲ့သလို ဖာမီနိုရဲ့ ကန်ချက်ဟာလည်း ဂိုးဘားပေါ်အနည်းငယ် ကျော်သွားခဲ့ရ ပါတယ်။ ဘရိုက်တန်အသင်းဟာလည်း ဂိုးရဖို့ ကြိုးစားခဲ့ရပြီး ဘာရန်ကာယယ် ရဲ့ ကန်သွင်းမှုကို လီဗာပူးလ်ဂိုးသမား လိုးရစ်ကားရီးယက်စ် ကာကွယ်နိုင်ခဲ့ပါတယ်။

အဲဒီနောက် ဒီဂျန်လော်ဗရန်က လီဗာပူးလ်အသင်းအတွက် ဒုတိယမြောက်ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။ အန်ဒရူးရော်ဘတ်ဆန်ရဲ့ ဘယ်တောင်ပံဘက်ခြမ်းကနေ ဖန်တီးပေးပို့မှုကို ဒီဂျန်လော်ဗရန်က ခေါင်းတိုက် သွင်းယူပြီး လီဗာပူးလ်အသင်းအတွက် ဒုတိယဦးဆောင်ဂိုး ရယူပေးခဲ့တာဖြစ်ပါတယ်။

လီဗာပူးလ်အသင်းဟာ ဒုတိယပိုင်းပြန်လည်စတင်ချိန်မှာလည်း ကစားအားကိုမချဘဲ တိုက်စစ်ဆင်ခဲ့ကာ ဖာမီနို ၊ ဗန်ဒိုက် တို့ရဲ့ ကန်သွင်းမှုတွေကို ဘရိုက်တန် ဂိုးသမား ရိုင်ယန် ကာကွယ်နိုင်ခဲ့ပါတယ်။

ပွဲကစားချိန် (၅၃)မိနစ်မှာတော့ နောက်ခံလူ (၂)ယောက်ကြားမှ ဆာလက်ဖန်တီးပေးလိုက်တဲ့ဘောလုံးကို ဆိုလန်ကီက ပင်နယ်တီစည်းထဲမှ အပြင်းကန်သွင်းကာ လီဗာပူးလ်အသင်းအတွက် တတိယဂိုးရယူခဲ့ပါတယ်။

ပွဲကစားချိန် (၈၅)မိနစ်မှာ လီဗာပူးလ်အသင်းက စတုတ္ထဂိုးရရှိခဲ့ပါတယ်။ နောက်ခံလူဖျက်ထုတ်လိုက်ရာမှ ပြန်ကျလာတဲ့ဘောလုံးကို အန်ဒရူးရော်ဘတ်ဆန်က ကန်သွင်းကာ ဂိုးအဖြစ်ရယူခဲ့တာဖြစ်ပါတယ်။

ပွဲပြီးဆုံးချိန်မှာတော့ လီဗာပူးလ်အသင်းက ဘရိုက်တန်အသင်းကို (၄)ဂိုး ဂိုးမရှိနဲ့ ဂိုးပြတ်အနိုင်ရရှိခဲ့ပါတယ်။ အဆိုပါနိုင်ပွဲကြောင့် လီဗာပူးလ်အသင်းဟာ ရာသီကုန် အမှတ်ပေးဇယား စတုတ္ထနေရာရပ်တည်နိုင်ခဲ့ပြီး လာမယ့် မေလ (၂၆)ရက်နေ့မှာ ရီးယဲလ်မက်ဒရစ်အသင်းနဲ့ ချန်ပီယံလိဂ် ဗိုလ်လုပွဲစဉ်ကို ယှဉ်ပြိုင်ကစားရ မှာဖြစ်ပါတယ။်

မှတ်ချက်များ။