အာဆင်ဝင်းဂါးအတွက်နောက်ဆုံးအနိုင်(၃)မှတ်ရယူပေးနိုင်ခဲ့တဲ့အာဆင်နယ်အသင်း

Thet Htet Lin

အာဆင်နယ်အသင်းရဲ့ နောက်ဆုံးရာသီသိမ်းပွဲစဉ်မှာတော့ ဟက်ဒါစ်ဖီးလ်အသင်းကို အဝေးကွင်းမှာ အနိုင်ရ လဒ်စွမ်းဆောင်ပေးနိုင်ခဲ့ပြီး နည်းပြအာဆင်ဝင်းဂါးရဲ့ ပရီးမီးယားလိဂ်နှုတ်ဆက်ပွဲစဉ်ကို အနိုင်နဲ့ ပိတ်သိမ်းနိုင်ခဲ့ ပါတယ်။

အာဆင်နယ်အသင်းအတွက် (၈၂၈) ပွဲမြောက်နဲ့ နောက်ဆုံးပွဲစဉ်အဖြစ် တာဝန်ယူကိုင်တွယ်ခဲ့ တဲ့ နည်းပြကြီး အာဆင်ဝင်းဂါး ကွင်းထဲဝင်ရောက်လာချိန်မှာတော့ အားလုံးကသောင်းသောင်းဖျဖျနဲ့ ဂုဏ်ပြု အားပေးကြိုဆိုခဲ့ကြပါတယ်။

အိမ်ရှင် ဟက်ဒါစ်ဖီးလ်အသင်းဟာ ပြီးခဲ့တဲ့တစ်ပတ်ပွဲစဉ်မှာ ချယ်ဆီးအသင်းကို သရေရလဒ်ကစားနိုင်ခဲ့ပြီး နောက်မှာပဲ ပရီးမီးယားလိဂ်မှာ ဆက်လက်ရှင်သန်ခွင့်ရခဲ့ပေမယ့် ဒီပွဲစဉ်မှာ ပွဲစကတည်းက အကောင်းဆုံး ကစားနိုင်ခဲ့ပါတယ်။ ပွဲအစ (၃)မိနစ်မှာပဲ စတိဗ်မူနီ ခေါင်းတိုက်ခွင့်တစ်ကြိမ်ရခဲ့ပေမယ့် အာဆင်နယ်ဂိုးသမား အော့စ်ပီနာ ကာကွယ်နိုင်ခဲ့ပါတယ။်

အာဆင်နယ်အသင်းဟာ ပထမပိုင်းပြီးဖို့ (၇)မိနစ်အလိုမှာပဲ ဂိုးရရှိခဲ့ပါတယ်။ ရမ်ဆေးရဲ့ ဖန်တီးပေးမှုကို အူဘာမီယန်က ပိတ်သွင်းပြီး အာဆင်နယ်အသင်းအတွက် ဂိုးရယူခဲ့တာဖြစ်ပါတယ်။

ဒါဟာ အူဘာမီယန်အတွက် ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ အာဆင်နယ်အသင်းကို ရောက်ရှိခဲ့ပြီး နောက်ပိုင်း (၁၀) ဂိုး မြောက် သွင်းဂိုးလည်းဖြစ်ခဲ့ပါတယ်။

အဲဒီနောက် ဟက်ဒါစ်ဖီးလ်အသင်းမှ သောမက်စ်အင့်စ် ရဲ့ ချေပဂိုးရရှိဖို့ ကန်သွင်းမှုတစ်ကြိမ်ကိုလည်း အာဆင်နယ် ဂိုးသမား အော့စ်ပီနာ ကာကွယ်နိုင်ခဲ့ပြန်ပါတယ်။

ပွဲပြီးခါနီး(၁၀)မိနစ်အလိုမှာ ရမ်ဆေးရဲ့ ပေးပို့မှုမှတစ်ဆင့် လာကာဇက်တီ ကန်ခွင့်တစ်ကြိမ်ရရှိခဲ့ပေမယ့်လည်း ဟက်ဒါစ်ဖီးလ်အသင်းဂိုးသမား ဂျိုးနက်စ်လိုဆယ် ကာကွယ်နိုင်ခဲ့ပါတယ်။

ပွဲပြီးဆုံးခါနီးမှာ ဟက်ဒါစ်ဖီးလ်အသင်းကစားသမား အေရွန်မူး ရဲ့ ကန်သွင်းချက်ဟာ ဂိုးဘားထိခဲ့လို့သာ အာဆင်နယ် အသင်း သက်သာရာရခဲ့ပါတယ်။

လက်ကျန်ပွဲကစားချိန်တွေမှာ နှစ်သင်းလုံး ဂိုးထပ်မံသွင်းယူနိုင်ခဲ့ခြင်းမရှိတာကြောင့် အာဆင်နယ်အသင်းက ဟက်ဒါစ်ဖီးလ်အသင်းကို (၁)ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့ပါတယ်။

အာဆင်နယ်အသင်းအတွက်ကတော့ ရာသီကုန်မှာထွက်ခွာတော့မယ့် နည်းပြကြီးအာဆင်ဝင်းဂါးအတွက် နောက်ဆုံးလက်ဆောင်အဖြစ် အဝေးကွင်းအနိုင်(၃)မှတ်ရယူပေးနိုင်ခဲ့တာဖြစ်ပါတယ်။

မှတ်ချက်များ။