အသင်းဥက္ကဌနဲ့တွေ့ဆုံဆွေးနွေးသွားမည်ဖြစ်ကြောင်းပိုချက်တီနိုပြောကြား

Thet Htet Lin

စပါးစ်အသင်းနည်းပြ ပိုချက်တီနိုက သူ့ရဲ့ အနာဂတ်နဲ့ပတ်သက်လို့ အသင်းဥက္ကဌ ဒန်နီရယ်လယ်ဗီ နဲ့ ဆွေးနွေးသွားမည်ဖြစ်ပြီး အသင်းဘက်ကလည်း တိုးတက်လာဖို့အတွက် တာဝန်ယူရမည်ဖြစ် ကြောင်း ပြောကြားလိုက်ပါတယ်။

စပါးစ်အသင်းဟာ မနေ့ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ ရာသီသိမ်းပွဲစဉ်မှာ လက်စတာစီးတီးအသင်းကို (၅)ဂိုး (၄)ဂိုး နဲ့ အနိုင်ရရှိခဲ့ပြီး အမှတ်ပေးဇယားရဲ့ တတိယနေရာမှာ ရပ်တည်နိုင်ခဲ့ပါတယ်။

စပါးစ်အသင်းဟာ ၂၀၀၇-၀၈ ဘောလုံးရာသီမှာ League Cup ရယူနိုင်ခဲ့ပြီးနောက်ပိုင်း ချန်ပီယံဆုတွေ နဲ့ ဝေးကွာနေတဲ့အသင်းလည်းဖြစ်ပါတယ်။

“ တကယ်လို့ အသင်းက ချန်ပီယံဆုအတွက် စိန်ခေါ်နိုင်တဲ့ အခြေအနေမျိုးဖြစ်ချင်တယ်ဆိုရင် နည်နည်းတော့ ပြန်သုံးသပ်ဖို့လိုပါတယ်။ အရင်ဆုံး အသင်းဥက္ကဌ ဒန်နီရယ်လယ်ဗီနဲ့တွေ့ပြီး ဘာဆက်လုပ်ရမလဲ ဆွေးနွေးပါမယ်။ အသင်းဘက်ကလည်း တာဝန်ယူရမယ့်အချိန်ရောက်နေပြီလို့ ကျွန်တော်ထင်တယ်။ ဖြစ်နိုင်မယ်ဆိုရင် ပြိုင်ဆိုင်မှုပြင်းထန်ဖို့ဆိုတာက ပြီးခဲ့တဲ့ရာသီကထက် ပိုပြီး ကြိုးစားဖို့လိုမယ်။ ” လို့ နည်းပြ ပိုချက်တီနိုကပြောပါတယ်။

ပိုချက်တီနိုဟာ စပါးစ်အသင်းကို ၂၀၁၄ ခုနှစ်က တာဝန်ယူခဲ့တာဖြစ်ပြီး သူကိုင်တွယ်ခဲ့တဲ့ (၄)ရာသီမှာ ပဉ္စမ ၊ တတိယ ၊ ဒုတိယ ၊ တတိယ နေရာ ရပ်တည်နိုင်အောင် စွမ်းဆောင်ပေးခဲ့ပါတယ်။

ပြီးခဲ့တဲ့နှစ်ရာသီအတွင်း စပါးစ်အသင်းဟာ ကစားသမားတွေအတွက် ပေါင် (၁၈၄.၅၉) သန်း အသုံးပြုခဲ့ပြီး အဆိုပါတန်ဖိုးဟာ မန်ချက်စတာယူနိုက်တက် ၊ ချယ်ဆီး ၊ အာဆင်နယ် ၊ လီဗာပူးလ်အသင်းတွေထက် နည်းခဲ့ပါတယ်။

ဒါ့အပြင် ယခုရာသီ အက်ဖ်အေဖလား ဆီမီးဖိုင်နယ်ပွဲစဉ်မှာ မန်ချက်စတာယူနိုက်တက်အသင်းကို ရှုံးနိမ့်ခဲ့ပြီးနောက် ပိုချက်တီနို အသင်းမှ ထွက်ခွာတော့မယ့် သတင်းတွေ အစပြုလာခဲ့ပါတယ်။ အဲဒီနောက် ပိုချက်တီနိုက အသင်းအနေနဲ့ သူ့ကိုပဲဆက်လက်ခန့်အပ်မလား ၊ နည်းပြသစ်ရှာမလား ဆိုတာကိုလည်း မေးခွန်းထုတ်ခဲ့ပါတယ်။

စပါးစ်အသင်းဟာ ယခုရာသီရဲ့ ချန်ပီယံလိဂ် (၁၆)သင်းအဆင့်ရှုံးထွက်မှာလည်း ဂျူဗင်တပ်စ်အသင်း ကို မကျော်နိုင်ဘဲ လက်ပြနှုတ်ဆက်ခဲ့ရပါတယ်။

“ ကျွန်တော်တို့ ဘာလုပ်ရမလဲဆိုတာကတော့ ရှင်းပါတယ်။ ကလပ်အသင်းဘက်က ကျွန်တော့်ကို ဆက်ပြီးခန့်ထားမှာလား ကျွန်တော်မသိပါဘူး။ ဒါပေမယ့်လည်း အနာဂတ် အစီအစဉ်တွေအတွက် ကျွန်တော် နောက်တစ်ပတ်မှာစကားပြောပါမယ်။ အသင်းဥက္ကလည်း ကျွန်တော်ပြောတာတွေ နားထောင်ပေးလိမ့်မယ်လို့ထင်ပါတယ်။ ဒါပေမယ့်လည်း သိတဲ့အတိုင်း ကျွန်တော်က တစ်ခါတစ်ခါ ရူးကြောင်ကြောင်အတွေးတွေရှိတယ်။ ဒါပေမယ့်ဒီလိုအခြေအနေမျိုးမှာတော့ အသင်းအတွက် ၊ ပရိသတ်အတွက် ကျွန်တော်တို့ သတ္တိရှိဖို့က အရေးကြီးပါတယ်။ တာဝန်လည်းယူရဲရပါမယ်။ ” လို့ ပိုချက်တီနိုက ဆက်လက်ပြောကြားခဲ့ပါတယ်။

မှတ်ချက်များ။