ဂျူဗင်တပ်စ်အသင်းမှာဆက်ရှိနေမည်ဖြစ်ကြောင်းနည်းပြအယ်လီဂရီပြောကြား

Thet Htet Lin

ဂျူဗင်တပ်စ်အသင်းရဲ့ နည်းပြ အယ်လီဂရီဟာ အသင်းမှ ထွက်ခွာတော့မယ်ဆိုတဲ့ သတင်းတွေကို အတိအလင်း ငြင်းဆိုလိုက်ပါတယ်။

အယ်လီဂရီဟာ အာဆင်နယ်အသင်းကို (၂၂)နှစ်ကြာ ကိုင်တွယ်ခဲ့တဲ့ နည်းပြ အာဆင်ဝင်းဂါးရဲ့ နေရာမှာ ဆက်ခံတော့မည်ဖြစ်ကြောင်း သတင်းတွေ ထွက်ပေါ်ခဲ့ပါသေးတယ်။

“ တကယ်လို့သာ ဂျူဗင်တပ်စ်အသင်းက ကျွန်တော့်ကို မထုတ်ပယ်ခဲ့ဘူးဆိုရင် အသင်းမှာပဲ ဆက်ရှိနေမှာပါ။ ” လို့ အယ်လီဂရီက ပြောပါတယ်။

ဂျူဗင်တပ်စ်အသင်းဟာ ယနေ့မနက်အစောပိုင်း ကစားခဲ့တဲ့ ပွဲစဉ်မှာ ရိုးမားအသင်းနဲ့ ဂိုးမရှိသရေကျခဲ့ပြီးနောက်မှာပဲ စီးရီးအေချန်ပီယံဆုကို ရရှိခဲ့ပါတယ်။ ဒါဟာ ဂျူဗင်တပ်စ် အသင်း အတွက်တော့ (၇)နှစ်ဆက် စီးရီးအေချန်ပီယံဆုကို ရယူနိုင်ခဲ့တာလည်းဖြစ်ပါတယ်။

အယ်လီဂရီဟာ ဂျူဗင်တပ်စ်အသင်းအတွက် စီးရီးအေနဲ့ ကိုပါအီလီယာ ဖလား(၂)လုံး စလုံးကို (၄) နှစ်တိုက် ရယူပေးနိုင်ခဲ့တဲ့ နည်းပြလည်းဖြစ်ပါတယ်။ အယ်လီဂရီဟာ ချယ်ဆီးအသင်း နည်းပြသစ် ဖြစ်လာဖို့လည်း ဖြစ်နိုင်ချေရှိတဲ့ နည်းပြတွေထဲမှာ ပါဝင်နေပါတယ်။

အာဆင်နယ် အသင်းနဲ့ ချယ်ဆီးအသင်းတို့ဟာ ယခုရာသီမှာ အမှတ်ပေးဇယား အဆင့် (၅)နဲ့ (၆) နေရာ အသီးသီး ရပ်တည်နိုင်ခဲ့ပြီး ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ လွဲချော်ခဲ့ပါတယ်။

“ ဒါဟာ ကျွန်တော့်ရဲ့ အနာဂတ်နဲ့ပတ်သက်ပြီး ရွေးချယ်လိုက်တဲ့ ဆုံးဖြတ်ချက်မဟုတ်ပါဘူး။ ဒါက ဂျူဗင်တပ်စ်အသင်းရဲ့ အနာဂတ် ဘယ်လိုဖြစ်လာမလဲ ဆုံးဖြတ်ပေးလိုက်တာပါ။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ ချန်ပီယံဆုဖလားကိုင်မြှောက်ပြီး တစ်ကြိမ်အောင်ပွဲခံလိုက်တာနဲ့ နောက်တစ်ကြိမ် အမှတ်ပေးဇယား ထိပ်ဆုံးမှာ ဦးဆောင်နိုင်ဖို့ လုပ်ရပါမယ်။ နောက်ရာသီစပြီဆိုရင် အားလုံးက ရမှတ် သုညက နေစရမှာပါ။ ဒါကြောင့် ကျွန်တော်တို့ အပြင်းအထန်ပြိုင်ဆိုင်မှုရှိတယ်ဆိုတာကို သက်သေပြရ ပါမယ်။ ” လို့ ဂျူဗင်တပ်စ်အသင်း နည်းပြ အယ်လီဂရီက ဆက်လက်ပြောကြားခဲ့ပါတယ်။

မှတ်ချက်များ။