ပြင်သစ်နိုင်ငံရဲ့တစ်နှစ်တာအကောင်းဆုံးကစားသမားဆုကိုလက်ခံရရှိခဲ့တဲ့နေမာ

Thet Htet Lin

PSG အသင်း ရဲ့ စူပါစတား နေမာဟာ ပြင်သစ်နိုင်ငံရဲ့ တစ်နှစ်တာအကောင်းဆုံးကစားသမား ဆုကို မနေ့က လက်ခံရရှိခဲ့ပါတယ်။

နေမာဟာ ယခုရာသီ နှောင်းပိုင်းကာလတွေမှာ ဒဏ်ရာကြောင့် အနားယူနေရပေမယ့်လည်း တစ်သင်းတည်း ကစားသမားတွေဖြစ်တဲ့ ကာဗာနီ ၊ ကီလီယန်မက်ပီ ၊ မာဆေးလ်တောင်ပံကစား သမား ဖလော်ရီယန်သော်ဗင်တို့ကို ကျော်ဖြတ်ပြီး အဆိုပါဆုကိုရရှိခဲ့တာဖြစ်ပါတယ်။

နေမာဟာ ယခုရာသီတွင်း ပြင်သစ်လီဂူးဝမ်း ပွဲစဉ် (၂၀) ပါဝင်ကစားခဲ့ရာမှာ သွင်းဂိုး (၁၉)ဂိုး သွင်းယူ ပေးခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ခြေဖဝါးဒဏ်ရာရခဲ့ပြီး ဘရာဇီးကို ပြန်ကာ ကုသမှုခံယူခဲ့ရတာလည်းဖြစ်ပါတယ်။

အသက် (၂၆)နှစ်အရွယ်နေမာဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလတည်းက ပွဲစဉ်တွေ ပါဝင်ကစားနိုင်ခဲ့ခြင်း မရှိခဲ့ဘဲ ဒဏ်ရာသက်သာလာအောင်အနားယူဖို့သာ အသင်းကို ပြန်လည်ရောက်ရှိခဲ့တာဖြစ်ပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် နေမာကတော့ အဆိုပါဆုကို လက်ခံရရှိခဲ့ခြင်းအတွက် သူ့ရဲ့ ဝမ်းသာမှုကို ဖော်ပြခဲ့ ပြီး အနာဂတ်နဲ့ပတ်သက်လို့တော့ တစ်စုံတစ်ရာပြောကြားခြင်းမရှိခဲ့ပါဘူး။

ဆုပေးပွဲအခမ်းအနားအပြီး နေမာက သတင်းထောက်တွေကို ပြောကြားခဲ့ရာမှာ – “ ဒီရာသီမှာ ကျွန်တော်တကယ်ပဲ ကျေနပ်ပျော်ရွှင်ပါတယ်။ ဒါက ဂုဏ်ယူစရာတစ်ခုပါ။ ကျွန်တော့်အသင်းဖော် တွေမရှိဘဲနဲ့တော့ ဒီလိုဆုမျိုး ရယူနိုင်မှာမဟုတ်ပါဘူး။ ” လို့ ဆိုပါတယ်။

“ အပြောင်းအရွှေ့ဈေးကွက်အချိန်နီးလာတာနဲ့ ဒီအကြောင်းပဲ လူတွေကပြောနေကြတယ်။ လက်ရှိမှာ တော့ ဒါနဲ့ပတ်သက်ပြီး ဘာမှမပြောချင်ပါဘူး။ ကျွန်တော်ဒီကိုဘာလို့ပြောင်းလာလဲ အားလုံးလည်း သိပါတယ်။ လက်ရှိကျွန်တော့်ရည်မှန်းချက်က ကမ္ဘာ့ဖလားပါ။ ဒါကြောင့် အပြောင်းအရွှေ့ကိစ္စကို မပြောတော့ပါဘူး ။ ကျွန်တော့်ကစားသမားဘဝတစ်လျှောက် ဒီအချိန်နီးလာရင် အပြောင်းအရွှေ့ အကြောင်းပြောတာနဲ့ပဲ အချိန်ကုန်ခဲ့ရတယ်။ ဒါက တော်တော်အာရုံနောက်ဖို့ကောင်းတယ်။ ” လို့ နေမာက ဆက်လက်ပြောကြားခဲ့ပါတယ်။

မှတ်ချက်များ။