လီဗာပူးလ်ပရိသတ်သားအဖကိုချန်ပီယံလိဂ်ဖိုင်နယ်လက်မှတ်(၂)စောင်လက်ဆောင်ပေးခဲ့တဲ့ချိန်ဘာလိန်

Thet Htet Lin

ဒီတစ်ကြိမ်မှာတော့ လီဗာပူးလ်ကစားသမား ချိန်ဘာလိန်ရဲ့ ကြင်နာတတ်မှုကို ပရိသတ်များ ထပ်တူခံစားကြည့်ကြပါဦး။

လီဗာပူးလ်ပရိသတ်တစ်ဦးဖြစ်တဲ့ ဂျိုးဂျက်ဂါ ကတော့ စိတ်မကောင်းစွာနဲ့ ပဲ သူ့ရဲ့ အသက် (၄)နှစ် အရွယ် သားဖြစ်သူကို ချန်ပီယံလိဂ်ဗိုလ်လုပွဲကြည့်နိုင်တော့မှာမဟုတ်ကြောင်း ပြီးခဲ့တဲ့အပတ်က ပြောကြားခဲ့ပါတယ်။

ကိဗ် ကိုသွားမယ့် လေယာဉ်လက်မှတ်ကို ဘွတ်ကင်လုပ်ခဲ့ပေမယ့်လည်း ဗိုလ်လုပွဲအတွက် လီဗာပူးလ် ပရိသတ်တွေရရှိခဲ့တဲ့ ကွင်းဝင်လက်မှတ် (၁၆၀၀၀)ကို မဲနှိုက်တဲ့ထဲမှာ သူတို့သားအဖ မပါဝင်ခဲ့ပါဘူး။

သူတို့အတွက် ကယ်တင်ရှင်ကတော့ ချိန်ဘာလိန်ပါ။

“ ကျွန်တော် သောကြာနေ့ညက လေးလံထိုင်းမှိုင်းစွာနဲ့ပဲအိပ်ယာဝင်ခဲ့တယ်။ ကျွန်တော် မနက် (၄)နာရီခွဲလောက်မှာနိုးလာတယ်။ မနက်ဖုန်းကို ဖွင့်ကြည့်တော့ ချိန်ဘာလိန်ဆီက မက်ဆေ့ခ်ျ နှစ်စောင် ရောက်လာတယ်။ ကျွန်တော်တို့သားအဖအတွက် လက်မှတ်နှစ်စောင် ရထားတယ်လို့ သူကပြောတယ်။ ဒီစာတွေ့တော့ ကျွန်တော် ငိုမိတယ်။ ဒီအကြောင်းကိုပြောဖို့ ကျွန်တော် မရှက်ပါဘူး။ ကျွန်တော်နဲ့ ကျွန်တော့်သား ဘော်ဘီအတွက် ချိန်ဘာလိန်ကူညီပေးခဲ့တာ မယုံနိုင် သေးပါဘူး။ ” လို့ ဂျိုးဂျက်ဂါ က ဆိုပါတယ်။

ဂျိုးဟာ သူ့ရဲ့ ဇနီးဖြစ်သူ ကလာရီ ၊ အသက် (၁၂)နှစ်အရွယ် သားကြီး ဂျေး နဲ့ အသက်(၈)နှစ်အရွယ် သမီး လိုလာ ၊ အငယ်ဆုံးသား ဘော်ဘီ တို့နဲ့ အတူ Cumbria မှာ နေထိုင်သူဖြစ်ပါတယ်။

မန်ချက်စတာစီးတီးအသင်းကို (၂)ဂိုး (၁)ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ ပွဲစဉ်မှာ ချိန်ဘာလိန်ဟာ ဘော်ဘီကို ပွေ့ချီပြီး လက်ဆောင်အဖြစ် အင်္ကျီပေးခဲ့တာဖြစ်ပါတယ်။ အဲဒီဓာတ်ပုံဟာလည်း အဲဒီအချိန်မှာ ရေပန်းစားတဲ့ ပုံတစ်ပုံဖြစ်ခဲ့ပါတယ်။

သူတို့ သားအဖအတွက် ချန်ပီယံလိဂ်ဗိုလ်လုပွဲလက်မှတ် (၂)စောင်ရပြီဆိုတာ သိခဲ့ရတဲ့နောက်မှာ တော့ ဂျိုးဂျက်ဂါ ဟာ ယူကရိန်းကိုသွားဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

“ ရိုးမားအသင်းနဲ့ ဒုတိယအကျော့ပွဲစဉ်အပြီး ပြန်လာတဲ့ချိန်မှာပဲ တက္ကစီပေါ်မှာ ကျွန်တော် လေယာဉ် လက်မှတ် ဘွတ်ကင်လုပ်ခဲ့တယ်။ အားလုံးအိပ်မောကျနေတဲ့အချိန်မှာပဲ ဈေးတွေ မတက်ခင် ကျွန်တော် ဘွတ်ကင်လုပ်ခဲ့တယ်။ ” လို့ ဂျိုး ဂျက်ဂါက BBC Sport ကိုပြောပါတယ်။

“ ဒါက ပြိုင်ပွဲအတွက်သီးသန့် တိုက်ရိုက် flight ပါ ။ ကျွန်တော်ရယ် ၊ သားရယ် ၊ ကျွန်တော့်အဖေရယ် အတွက် ဘွတ်ကင်လုပ်ခဲ့တယ်။ ကျွန်တော်တို့မှာ မဲ အခွင့်အရေး (၄)ခုရှိခဲ့တယ်။ ဒါပေမယ့် ကျွန်တော်ထပ်သိခဲ့ရတာ တခြားသူတွေ ရသွားပြီတဲ့။ ”

“ ကျွန်တော် အီးမေးလ်တစ်စောင်ရတယ်။ ကျွန်တော်တို့ လက်မှတ်မရဘူးပေါ့။ ကျွန်တော်ကြိုးစား သေးတယ်။ ဒါပေမယ့် ဘယ်နေရာမှာမှ မရဘူး။ ကျွန်တော် နံရံကို ပဲ ထိုးနေမိခဲ့တယ်။ ကျွန်တော် စိတ်ဓာတ်အကြီးအကျယ်ကျခဲ့တယ်။ ဒါပေမယ့် ကျွန်တော်တို့ အခု လက်မှတ်ရတဲ့အတွက် အတိုင်းအဆမရှိပျော်ပါတယ်။ ” လို့ ဂျိုးဂျက်ဂါကပြောကြားခဲ့ပါတယ်။

မှတ်ချက်များ။