ယာဉ်မတော်တဆမှုကြောင့်ကွယ်လွန်ခဲ့တဲ့အက်စတွန်ဗီလာကစားသမားဟောင်းဂျီလွိုက်ဆင်မျူရယ်

Thet Htet Lin

အင်္ဂလန်ကလပ် အက်စတွန်ဗီလာနဲ့ ဘော်လ်တွန်အသင်းတွေရဲ့ နောက်ခံကစားသမားဟောင်း ဂျီလွိုက်ဆင်မျူရယ် ဟာ ချက်စ်ရှိုင်းယားမှာ ယာဉ်မတော်တဆမှုကြောင့် ကွယ်လွန်ခဲ့တယ်လို့ သိရပါ တယ်။

အသက် (၃၇)နှစ်အရွယ် ရှိပြီဖြစ်တဲ့ ဆင်မျူရယ်ဟာ လက်ရှိချိန်မှာ အပျော်တမ်းကလပ်အသင်း တစ်ခုဖြစ်တဲ့ အီဂါတန် အသင်းအတွက် နည်းပြအဖြစ် ဆောင်ရွက်နေသူလည်း ဖြစ်ပါတယ်။

ဆင်မျူရယ် ဟာ ၁၉၉၈ ခုနှစ်မှာ အက်စတွန်ဗီလာအသင်းကို ရောက်ရှိကာ (၁၉၉)ပွဲ ပါဝင်ကစားခဲ့ ပြီး ၂၀၀၇ ခုနှစ်ကနေ ၂၀၁၁ ခုနှစ်ထိ ဘော်လ်တွန်အသင်းမှာ ကစားခဲ့ရာမှာတော့ (၈၃)ပွဲ ပါဝင်ကစားခဲ့ပါ တယ်။

ထရီနီဒက်နဲ့ တိုဘာဂို ဘောလုံးအဖွဲ့ချုပ်တွေကတော့ ဆင်မျူရယ် အနေနဲ့ ကားတစ်စီးနဲ့ တိုက်မိပြီး သေဆုံးခဲ့တာလို့ ထုတ်ပြန်ခဲ့ပါတယ်။

“ ကျွန်တော်တို့ရဲ့ ကစားသမားဟောင်း ဆင်မျူရယ် ယာဉ်မတော်တဆမှုနဲ့ သေဆုံးခဲ့တဲ့သတင်းကို ကြားခဲ့ရချိန်မှာ အရမ်းပဲ ဝမ်းနည်းကြေကွဲရပါတယ်။ သူ့အပေါ်လေးစားမှုကို ပြသတဲ့အနေနဲ့ ဒီည ကစားမယ့်ပွဲမှာ လက်ပတ်အနက် ဝတ်ဆင်ပြီး ကစားပါမယ်။ လက်ရှိချိန်မှာတော့ သူ့သူငယ်ချင်းတွေ ၊ မိသားစုတွေနဲ့အတူ ထပ်တူထပ်မျှ ခံစားရပါတယ်။ ” လို့ အက်စတွန်ဗီလာအသင်းရဲ့ တွစ်တာစာမျက်နှာမှာ ရေးသားခဲ့ပါတယ်။

ဆင်မျူရယ်ဟာ ထရီနီဒက်နဲ့တိုဘာဂို လက်ရွေးစင်အသင်းအတွက် (၂)ပွဲ ပါဝင်ကစားခဲ့ဘူးသလို ၂၀၁၁ ခုနှစ်ကနေ ၂၀၁၅ ခုနှစ်အထိ အီရန်ကလပ်အသင်းတစ်ခုမှာ သွားရောက်ကစားခဲ့ပါတယ်။

ထရီနီဒက်နဲ့တိုဘာဂိုဘောလုံးအဖွဲ့ချုပ်ရဲ့ Facebook စာမျက်နှာမှာတော့ – “ အက်စတွန်ဗီလာ အသင်းနဲ့ ဘော်လ်တွန်အသင်းတို့ရဲ့ နောက်ခံကစားသမားဟောင်း ဆင်မျူရယ်ဟာ ဒီမနက်မှာပဲ ယာဉ်မတော်တဆမှုနဲ့ကွယ်လွန်ခဲ့တယ်ဆိုတဲ့ သတင်းဆိုးကြီးကိုသိခဲ့ရတယ်။ သတင်းတွေအရ ဆင်မျူရယ်က သူ့ကလေးတွေကို ကျောင်းလိုက်ပို့ပြီးအပြန် ကားတစ်စီးနဲ့ မတော်တဆ တိုက်မိခဲ့ တာလို့သိရတယ်။ သူ့ရဲ့အသင်းဖော်ဟောင်းတွေ ၊ မိသားစုတွေနဲ့အတူ ကျွန်တော်တို့လည်း ထပ်တူထပ်မျှ ဝမ်းနည်းရပါတယ်။ ” လို့ ရေးသားခဲ့ပါတယ်။

ချက်စ်ရှိုင်းယား ရဲဌာနကတော့ ဒေသစံတော်ချိန် မနက် (၇)နာရီ (၅၅)မိနစ်မှာပဲ ဗန်ကားတစ်စီးနဲ့ ရိန့်ဂ်ျရိုဗာ ကားတစ်စီး တိုက်မိတယ်ဆိုတဲ့ သတင်းကိုရရှိခဲ့တယ်လို့ ဆိုပါတယ်။

“ အဆိုပါယာဉ်တိုက်မှုမှာ အသက် (၃၇)အရွယ် ဂျီလွိုက်ဆင်မျူရယ် သေဆုံးခဲ့ပါတယ်။ သူ့ရဲ့ ကျန်ရစ်သူမိသားစုကိုအကြောင်းကြားခဲ့ပါတယ်။ အခုတော့ လေ့ကျင့်ပေးထားတဲ့ တာဝန်ရှိ သူတွေက သူတို့ကို နှစ်သိမ့်ပေးနေပါတယ်။ တစ်ဖက်က တိုက်မိခဲ့တဲ့ အသက် (၅၄)နှစ်အရွယ် ကားမောင်းသူ ကတော့ ဒဏ်ရာ အပြင်းအထန်ရရှိခဲ့လို့ ဆေးရုံပို့လိုက်ရပါတယ်။ ” လို့ ချက်စ်ရှိုင်းယားရဲဌာနက ထုတ်ပြန်ထားပါတယ်။

မှတ်ချက်များ။