ကစားသမားသစ်ခေါ်ယူပေးဖို့တောင်းဆိုလိုက်တဲ့ဟာဇက်

Thet Htet Lin

ချယ်ဆီးအသင်းရဲ့ ကစားသမား အေဒင်ဟာဇက် က သူ့ကိုအသင်းမှာ ဆက်လက်ရှိစေလိုလျှင် သူ့အရည်အချင်းနှင့်တွဲဖက်လို့ရမည့် ကစားသမားကောင်းများ ဝယ်ယူပေးဖို့အသင်းကို တောင်းဆိုပြောကြား လိုက်ပါတယ်။

အသက် (၂၇)နှစ်အရွယ် ဟာဇက်ဟာ ၂၀၂၀ ခုနှစ်အထိ စာချုပ်သက်တမ်းကျန်ရှိနေပေမယ့်လည်း ချယ်ဆီးအသင်းမှာ ဆိုးရွားတဲ့ အခြေအနေတချို့ရှိနေကြောင်း အကြောင်းပြချက်နဲ့ အသင်းပြောင်းရွှေ့ ဖို့ အချိတ်အဆက်တချို့ရှိခဲ့ကြောင်း သတင်းတွေထွက်ပေါ်ခဲ့ပါတယ်။

သူ့ကိုအသင်းမှာ ဆက်ရှိဖို့ ၊ မရှိဖို့နဲ့ပတ်သက်ပြီးမေးမြန်းခဲ့ရာမှာတော့ –

“ လာမယ့်ရာသီမှာ ကစားသမားသစ်တွေစောင့်နေပါတယ်။ ကျွန်တော် ကစားသမားကောင်းတွေ လိုပါတယ်။ ဘာလို့လဲဆိုတော့ နောက်ရာသီမှာ ပရီးမီးယားလိဂ် ချန်ပီယံဆုကို ရချင်တယ်။ ” လို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။

၂၀၁၂ ခုနှစ်က လိုင်လီအသင်းကနေ ချယ်ဆီးအသင်းကို ပြောင်းရွှေ့ကြေး ပေါင် (၃၂)သန်းနဲ့ ရောက်ရှိလာခဲ့တဲ့ ဟာဇက်ဟာ အသင်းပြောင်းရွှေ့ဖို့ သတင်းတွေ ပေါ်ထွက်နေသည့်တိုင် စတန်းဖို့ဒ် ဘရစ်ခ်ျမှာ ပျော်ရွှင်ဆဲဖြစ်ကြောင်း ဆိုပါတယ်။

သူ့ရဲ့ ကာလရှည်စာချုပ်မတိုင်ခင်မှာ စဉ်းစားစရာတွေ အများကြီး ရှိနေသေးတာ ကြောင့် ဟာဇက်ကတော့ ညှိနှိုင်းမှုတွေအတွက် အေးအေးဆေးဆေး အချိန်ယူရမည်ဖြစ်ကြောင်းဆိုပါတယ်။

ဟာဇက်ဟာ ယခုရာသီအတွင်း သွင်းဂိုး (၁၂)ဂိုးနဲ့ ဂိုးဖန်တီးမှု (၆)ကြိမ် ပြုလုပ်ထားနိုင်ပါတယ။် ချယ်ဆီးအသင်းဟာ ယခုနှစ်ဘောလုံးရာသီမှာ အဆင့် (၅)နေရာသာ ရပ်တည်နိုင်ပြီး ချန်ပီယံလိဂ် ဝင်ခွင့်နဲ့လွဲချော်ခဲ့ပါတယ်။

ဟာဇက်ရဲ့ ယခုလိုပြောကြားမှုဟာ နည်းပြကွန်တီရဲ့ အနာဂတ်နဲ့ ဆက်စပ်မှုမရှိကြောင်းလည်း သိရပါ တယ်။ ကွန်တီကတော့ လာမယ့် စနေနေ့ ကစားမယ့် အက်ဖ်အေဖလား ဗိုလ်လုပွဲစဉ်ဟာ အဓိက အဆုံးအဖြတ်ဖြစ်ကြောင်း ပြောကြားထားတာမျိုးတွေရှိပါတယ်။

“ ကျွန်တော်တို့ဟာ ချယ်ဆီးအသင်းပါ။ ဒါကြောင့်နောက်နှစ်ရာသီကုန်မှာ ဆုဖလားတွေရယူနိုင်ဖို့ လိုအပ်ပါတယ်။ အခုတော့ ဘာအောင်မြင်မှုမှ မရခဲ့သလို ချန်ပီယံလိဂ်ဝင်ခွင့်လည်းမရခဲ့ဘူး။ ဒီရာသီကတော့ ဆိုးဝါးခဲ့ပြီးပါပြီ။ ချန်ပီယံလိဂ် ဝင်ခွင့်မရခဲ့ဘူးဆိုရင်တောင် ဆုဖလားတစ်ခုတော့ ယူသင့်ပါတယ်။ ဒါကြောင့် အက်ဖ်အေဖလားရဖို့က အရေးကြီးတယ်။ ကျွန်တော် အက်ဖ်အေဖလား မရဖူးသေးဘူး။ ဒီနှစ်တော့ ကျွန်တော် ချယ်ဆီးအသင်းနဲ့အတူရယူဖို့မျှော်လင့်ပါတယ်။ အရာရာ ပေးဆပ်သွားမှာပါ။ ” လို့ ဟာဇက်က ဆက်လက်ပြောကြားခဲ့ပါတယ်။

မှတ်ချက်များ။