ဂျာမနီအသင်း ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဗိုလ်စွဲဖို့ရေပန်းအစားဆုံးလို့ ဆိုခဲ့တဲ့ ၀ါနာ

Yan Yan

အာဘီလိုက်ပ်ဇစ် အသင်းတိုက်စစ်မှူး တီမို ၀ါနာအနေနဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဂျာမနီအသင်းအနေနဲ့ ဗိုလ်စွဲနိုင်ဖို့ ရေပန်းအစားဆုံး အသင်းတွေထဲမှာ ပါဝင်တယ်လို့ ဆိုခဲ့ပါတယ်။

ပြီးခဲ့တဲ့ပြိုင်ပွဲမှာ ဗိုလ်စွဲထားနိုင်ခဲ့တဲ့ ဂျာမနီအသင်းအနေနဲ့ ယခုနှစ်ပြိုင်ပွဲမှာလည်းချန်ပီယံဆုကို ကာကွယ်နိုင်ဖို့ ပစ်မှတ်ထားနေသလို ၀ါနာကလည်း နည်းပြဂျိုအာချင်လိုရဲ့ (၂၇) ဦးပဏာမစာရင်းမှာ ရွေးချယ်ခြင်းခံခဲ့ရပါတယ်။

ဝါနာဟာ ဒီရာသီမှာ အသင်းအတွက် ပွဲပေါင်း (၄၅) ပွဲကစားခဲ့ပြီး သွင်းဂိုး (၂၁) ဂိုးသွင်းယူထားနိုင်ခဲ့သူဖြစ်ပြီး ယခုနှစ် ဘွန်ဒက်စ်လီဂါပြိုင်ပွဲမှာ အကောင်းဆုံး ခြေစွမ်းကို ပြသထားနိုင်ခဲ့ပါတယ်။

(၂၀၁၇) ခုနှစ်က ဂျာမနီအသင်း တိုက်ကြီးများဖလား ပြိုင်ပွဲမှာ ဗိုလ်စွဲခဲ့စဉ်က အကောင်းဆုံး ခြေစွမ်းပြသခဲ့တဲ့ ၀ါနာဟာ ကစားခဲ့တဲ့ (၁၂) ပွဲမှာ (၇) ဂိုးသွင်းယူခဲ့ပြီး ပြိုင်ပွဲရဲ့ ဂိုးသွင်းရွှေဖိနပ်ဆုကိုလည်း ရယူနိုင်ခဲ့ပါတယ်။

“ ကျွန်တော်တို့ ရေပန်းစားနေတာော့ သေချာပါတယ်။ဘယ်လောက်ပမာဏဆိုတာကိုသာ သေချာမပြောနိုင်သေးတာပါ။ဒီနွေရာသီမှာ အသင်းအနေနဲ့ ရည်မှန်းချက်ကြီးကြီးမားမားထားထားပါတယ်။ကမ္ဘာ့ဖလားပြိုင်ပွဲကို ပြည့်ဝတဲ့ပြင်ဆင်မှုမပြုလုပ်ပဲနဲ့ ရှေ့မဆက်ချင်ပါဘူး” ဆိုပြီး ပြောကြားခဲ့ပါတယ်။

ဂျာမနီအသင်းအနေနဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲအကြို ပြင်ဆင်မှုအဖြစ် လာမယ့်ဇွန်လ (၂) ရက်နေ့မှာ သြစတြီးယား အသင်း ဇွန်လ (၉) ရက်နေ့မှာ ဆော်ဒီအသင်းတွေနဲ့ ခြေစမ်းပွဲများ ယှဉ်ပြိုင်ကစားဖို့ ပြင်ဆင်ထားခဲ့ပြီး ချန်ပီယံဆုကို ကာကွယ်ဖို့ ပထမဆုံး ပွဲစဉ်အဖြစ် မက္ကဆီကို အသင်းနဲ့ စတင်ရင်ဆိုင်ကစားသွားရမှာဖြစ်ပါတယ်။

မှတ်ချက်များ။