ဂရစ်ဇ်မန်းကိုအသင်းမှာဆက်ရှိဖို့မျှော်လင့်ထားတဲ့ဆီမြွန်နီ

Thet Htet Lin

အက်သလက်တီကိုမက်ဒရစ်အသင်း နည်းပြ ဆီမြွန်နီက ယူရိုပါလိဂ်ဗိုလ်လုပွဲမှာ အသင်းအတွက် အရေးပါတဲ့ သွင်းဂိုး (၂)ဂိုး သွင်းယူပေးခဲ့တဲ့ တိုက်စစ်မှူး ဂရစ်ဇ်မန်းကို ချီးကျူးပြောကြားခဲ့ပြီး အသင်းမှာ ဆက်ရှိဖို့လည်း မျှော်လင့်ထားကြောင်း ဆိုပါတယ်။

မာဆေးလ်အသင်းနဲ့ ကစားခဲ့တဲ့ ယူရိုပါလိဂ် ဗိုလ်လုပွဲစဉ်မှာ ဂရစ်ဇ်မန်းဟာ အထူး ခြေစွမ်းပြ ကစားနိုင်ခဲ့ပြီး သွင်းဂိုး (၂)ဂိုး သွင်းယူပေးခဲ့ပါတယ်။ ဒါဟာ ဂရစ်ဇ်မန်းအတွက် ယခုရာသီအတွင်း သွင်းဂိုး (၂၉)ဂိုး ပြည့်မြောက်ခဲ့ခြင်းဖြစ်သလို အက်သလက်တီကိုမက်ဒရစ်အသင်းအတွက်ကလည်း (၈)နှစ်အတွင်း တတိယမြောက် ယူရိုပါလိဂ် ဖလားကို ရယူနိုင်ခဲ့ခြင်းဖြစ်ပါတယ်။

“ ဂရစ်ဇ်မန်းကတော့ ဒီနေ့ပွဲစဉ်မှာ သူ နှစ်အလိုက် ဘာလုပ်နိုင်ခဲ့တယ်ဆိုတာကို ပြသခဲ့ပါတယ်။ ပွဲစဉ် အတွင်း အရေးကြီးတဲ့ အခြေအနေတွေမှာ ဆုံးဖြတ်ချက်ပြတ်သားခဲ့တယ်။ ဒါက သူ အသင်းအတွက် ကစားပေးရတာ ပျော်တယ်ဆိုတာ ပြနေပါတယ်။ သူ ကျွန်တော်တို့နဲ့ ဖိုင်နယ် (၃)ကြိမ်ကစားခဲ့တယ်။ (၂)ကြိမ်က ချန်ပီယံဖြစ်တယ်။ သူ ကျွန်တော်တို့နဲ့ ဖိုင်နယ်ပွဲတွေ ကစားနိုင်ခဲ့တယ်။ မကြာသေးခင်က ထိ ခြေစွမ်းအရ ကျွန်တော်တို့ တခြားအသင်းတွေထက် ပိုလုပ်နိုင်ခဲ့တယ်။ ” လို့ နည်းပြ ဆီမြွန်နီက ပြောပါတယ်။

အသက် (၂၇) နှစ် အရွယ် ဂရစ်ဇ်မန်း ဟာ လွန်ခဲ့တဲ့ လတွေအတွင်း အပြောင်းအရွှေ့ ကောလဟာလ သတင်းတွေထွက်ပေါ်ခဲ့ပြီး ဘာစီလိုနာအသင်းက ယူရို သန်း (၁၀၀) နဲ့ ကမ်းလှမ်းမယ့် သတင်းတွေ လည်း ထွက်ပေါ်ခဲ့ပါတယ်။

ဂရစ်ဇ်မန်းရဲ့ အပြောင်းအရွှေ့နဲ့ပတ်သက်ပြီး မေးမြန်းခဲ့ရာမှာတော့ ဆီမြွန်နီက ကစားသမားရဲ့ ဆုံးဖြတ်ချက် အပေါ်သာ မူတည်ကြောင်းဆိုပါတယ်။

“ ဒါကတော့ ကစားသမားရဲ့ ဆုံးဖြတ်ချက်အပေါ်သာ မူတည်ပါတယ်။ သူဘာပဲ ဆုံးဖြတ်သည်ဖြစ်စေ ကျွန်တော် ပျော်ရမှာပါ။ ဘာလို့လဲဆိုတော့သူ့ဘဝကို ကျွန်တော်တို့ကို ပေးခဲ့ပြီလေ။ သူ အသင်းမှာ ဆက်ရှိမယ်ဆိုရင် ကျွန်တော်ပျော်မိမှာပါ။ ဒါပေမယ့် သူ အသင်းကထွက်မယ်ဆိုရင်လည်း သူလုပ်ပေး ခဲ့သမျှ အရာတွေက အများကြီးပါ။ သူ့ရဲ့ အရည်အသွေးတိုးတက်မှုတွေက ကျွန်တော်တို့ကို အသင်းလိုက် စွမ်းဆောင်မှုမျိုးဖြစ်စေခဲ့တယ်။ သူအသင်းမှာဆက်ရှိရင် ဆက်လက်တိုးတက်အောင် ထိန်းသိမ်းရပါမယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ရဲ့ ရည်ရွယ်ချက်လည်း ဖြစ်နေလို့ပါ။ ” လို့ ဆီမြွန်နီက ဆက်လက်ပြောကြားခဲ့ပါတယ်။

အဆိုပါပွဲစဉ်မှာ Man of the match ရရှိခဲ့တဲ့ ဂရစ်ဇ်မန်းကတော့ ကြိုတင်ပြောဆိုဖို့ကို ငြင်းဆန်လိုက် ပါတယ်။

“ လက်ရှိချိန်က ကျွန်တော့်အနာဂတ်ကို ပြောရမယ့်အချိန်မဟုတ်ပါဘူး။ ကျွန်တော့် ခြေစွမ်းအပေါ် ကို ကျေနပ်ချင်ယုံပါပဲ။ ခုလို ချန်ပီယံဆုရတဲ့အချိန်မှာ ပရိသတ်တွေနဲ့အတူ အောင်ပွဲခံချင်တယ်။ ဆီမြွန်နီက လည်း ကျွန်တော့်ကို အများကြီးသင်ပေးခဲ့တယ်။ ကျွန်တော့်ကို ပိုကောင်းတဲ့ ကစားသမားဖြစ်လာစေပြီး တော့နှစ်စဉ်တိုးတက်လာဖို့ မျှော်လင့်ပါတယ်။ နည်းပြနဲ့ အသင်းဖော်တွေ အပေါ် အကြွေးတင်ရှိနေပါတယ်။ ” လို့ ဂရစ်ဇ်မန်းကဆိုပါတယ်။

မှတ်ချက်များ။