ဗိုလ်လုပွဲဆိုတာထက်ပိုပြီးစိတ်ဝင်စားစရာတွေရှိနေတဲ့အက်ဖ်အေဖလားဗိုလ်လုပွဲ

Thet Htet Lin

သူနိုင်ကိုယ်နိုင်အပြိုင်ကြဲမယ့် ယခုနှစ်ရဲ့ အက်ဖ်အေဖလားဗိုလ်လုပွဲကိုတော့ လာမယ့် စနေနေ့မှာ မန်ချက်စတာယူနိုက်တက်အသင်းနဲ့ ချယ်ဆီးအသင်းတို့ ဝင်ဘာလေကွင်းမှာ အားပြိုင်ကြတော့မှာပါ။

နှစ်သင်းစလုံး ချန်ပီယံဆုဖလားအတွက် နောက်ထပ်အခွင့်အရေးတစ်ခုလို့ဆိုရရင်လည်း မမှားပါဘူး။ နည်းပြနှစ်ဦးလုံးမှာတော့ ဘာကြောင့် အက်ဖ်အေဖလားကို အရယူချင်ရတာလဲ ဆိုတဲ့ ကိုယ်စီကိုယ်စီ အကြောင်းတွေကတော့ ရှိနေပါတယ်။

နည်းပြမော်ရင်ဟိုအတွက်ကတော့ သူရာထူးမှ ထုတ်ပယ်မခံရဖို့ အခွင့်အရေးကောင်းတစ်ခုဖြစ်သလို ချယ်ဆီးနည်းပြကွန်တီအတွက်ကလည်း ပြီးခဲ့တဲ့ ရာသီက ပရီးမီးယားလိဂ်ချန်ပီယံဆုရရှိခဲ့ပြီးမှ ယခုရာသီမှာ ဖလားလက်မဲ့အပြင်ချန်ပီယံလိဂ်ဝင်ခွင့်လွဲချော်ခဲ့ရခြင်းကို ပြန်လည်ဆယ်ယူဖို့ နောက်ဆုံး အခွင့်အရေးဆိုလည်း မမှားပါဘူး။

ဗိုလ်လုပွဲဆိုတဲ့နောက်ကွယ်မှာ ဒီနှစ်သင်းကြား ဘယ်လိုအကြောင်းအရာတွေ ထပ်ရှိနေလဲ ကြည့်ရအောင်ပါ။

မော်ရင်ဟိုရဲ့ ဆုဖလားကံကြမ္မာ

Jose Mourinho

မော်ရင်ဟိုမှာ ဆုဖလားနဲ့ ပတ်သက်ရင် ထူးခြားတဲ့လုပ်ဆောင်မှုနဲ့ ကံကောင်းမှုတစ်ခုရှိနေတယ်ဆို တာ ဘယ်လိုမှ ငြင်းလို့မရနိုင်ပါဘူး။ သူပထမဆုံး အိုးလ်ထရက်ဖို့ဒ်ကိုရောက်ရှိလာတဲ့ ရာသီမှာ တောင် လိဂ်ဖလားနဲ့ ယူရိုပါလိဂ်အောင်မြင်မှုတွေကို အရယူနိုင်ခဲ့တာ မျက်မြင်သက်သေပါ။

မော်ရင်ဟိုဟာ အင်္ဂလန်မှာကျင်လည်တဲ့ အချိန်တောအတွင်း ဆုဖလား (၁၁)ကြိမ် ရယူခဲ့ပါတယ်။ ဒါကြောင့် (၁၂)ကြိမ်မြောက် ဆုဖလားမရနိုင်ဘူးလို့ ဘယ်သူမှ မပြောရဲပါဘူး။

မော်ရင်ဟိုအနေနဲ့ ဒီရာသီရဲ့ နောက်ဆုံးအားပြိုင်မှုမှာ စွမ်းရည်တစ်ခုပြသနိုင်မယ်ဆိုရင်တော့ မန်ချက်စတာယူနိုက်တက်အသင်းလည်း (၁၃)ကြိမ်မြောက် အက်ဖ်အေဖလား ရယူနိုင်ဖို့ မဝေးတော့ပါဘူး။

ကွန်တီအတွက် အဆုံးသတ်ဖြစ်မလား?

နည်းပြနှစ်ဦးလုံး ဆုဖလားလိုချင်တယ်ဆိုပေမယ့် ကွန်တီအတွက်ကတော့ ပိုလို့ အရေးကြီးနေပါတယ်။

သူ့ရဲ့ပထမဆုံးရာသီမှာ ချယ်ဆီးအသင်းအတွက် အောင်ပန်းဆင်နိုင်ခဲ့ပေမယ့်လည်း ချန်ပီယံလိဂ်ဝင်ခွင့်လွဲချော်ခဲ့ပြီးနောက် ကွန်တီရဲ့ အနာဂတ်ဟာ မသေချာတော့ပါဘူး။

အသင်းရဲ့ ကန့်သတ်ချက်တွေများနေတဲ့ ကစားသမားဝယ်ယူမှု စည်းမျဉ်းတွေနဲ့အတူ ပြီးခဲ့တဲ့လတွေမှာ ကွန်တီရဲ့ ပုံစံကိုကြည့်ရတာ မလန်းဆန်းလှပါဘူး။ ဒါကြောင့် ဝင်ဘာလေမှာ အားပြိုင်မယ့် အက်ဖ်အေဗိုလ်လုပွဲမှာ ရှုံးနိမ့်ခဲ့ရင် ကွန်တီရဲ့ နည်းပြထိုင်ခုံဟာလည်း မသေချာ လောက်ပါဘူး။

ဒဏ်ရာပြဿနာများနဲ့မန်ချက်စတာယူနိုက်တက်

လူကာကူကို ပွဲထွက်လူစာရင်းမှာ မထည့်သွင်းနိုင်ရင် ဒါဟာ ဂိုးပေါက်ခြိမ်းခြောက်မှုကို လျှော့ချလိုက် တာနဲ့ အတူတူပါပဲ။

မော်ရင်ဟိုအတွက်ကတော့ နောက်ဆုံးအခြေအနေတစ်ခုမှာ လူကာကူအနေနဲ့ ကြံ့ခိုင်မှုပြဿနာကို ကျော်ဖြတ်နိုင်ပြီး ပါဝင်ကစားခွင့်ရရှိဖို့ပါပဲ။

လူကာကူဟာ ဒီရာသီမှာ သွင်းဂိုး (၂၇)ဂိုး သွင်းယူပေးနိုင်ခဲ့သလို အက်ဖ်အေဖလားဖြတ်သန်းမှု မှာလည်း ဆီမီးဖိုင်နယ်ရောက်တဲ့ထိ အဆင့်တိုင်းမှာ ဂိုးသွင်းယူနိုင်ခဲ့တဲ့ ကစားသမားပါ။
တကယ်လို့ ခြေကျင်းဝတ်ဒဏ်ရာမှ မသက်သာရင်တောင်မှ အရန်စာရင်းမှာ ပါနိုင်ဖို့ မျှော်လင့်ရပါမယ်။ ဒါမှမဟုတ် တစ်ပွဲလုံးလည်း လွဲချော်သွားနိုင်ပါတယ်။

မော်ရင်ဟိုအတွက် ပိုဆိုးတဲ့အခြေအနေတစ်ခုကတော့ ရာသီသိမ်းပွဲစဉ်မှာ မာရှယ်ဟာလည်း ဒူးဒဏ်ရာရရှိခဲ့ခြင်းပဲဖြစ်ပါတယ်။

ဝေခွဲမရတဲ့ကွန်တီရဲ့လူရွေးချယ်မှု

ကွန်တီအနေနဲ့ လာမယ့်စနေနေ့ပွဲစဉ်အတွက် တိုက်စစ်နေရာမှာ ဘယ်သူ့ကို သုံးမှာလဲ စဉ်းစားကြည့်ပါစို့။ ပေါင်သန်း (၇၀)တန် မိုရာတာလား ၊ ပေါင် (၁၈)သန်းတန် ဂီရော့ဒ်လား စဉ်းစား စရာပါ။

မိုရာတာဟာ ရီးယဲလ်မက်ဒရစ်အသင်းကနေ မြင့်မားတဲ့ပြောင်းရွှေ့ကြေးနဲ့ ရောက်လာခဲ့ပေမယ့်လည်း ပရီးမီးယားလိဂ်မှာ (၁၁)ဂိုးပဲ သွင်းယူနိုင်ခဲ့ပါတယ်။ ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ ရောက်ရှိခဲ့တဲ့ ဂီရော့ဒ်ကတော့ ပရိသတ်အကြိုက်ကစားသမားဖြစ်သလို ပုံရိပ်တစ်ခုလည်းရရှိခဲ့ပါတယ်။

ဂီရော့ဒ်အပေါ် သံသယဖြစ်စရာမလိုပေမယ့်လည်း ကွန်တီအနေနဲ့ မိုရာတာကို အလှည့်အပြောင်း အနေနဲ့ ရင်းလိုက်မလားဆိုတာကတော့ စိတ်ဝင်စားစရာပါ။

ရေးဝီလ်ကင်နဲ့ဖာဂူဆန်အတွက် ရည်ရွယ်တဲ့အက်ဖ်အေဖလား

Sir Alex Ferguson

စနေနေ့မှာ ကစားမယ့် အက်ဖ်အေဖလားပြိုင်ပွဲဟာ ကစားသမားဟောင်း ရေးဝီလ်ကင် နဲ့ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ဂန္တဝင်နည်းပြဟောင်း ဖာဂူဆန်အတွက် ရည်ရွယ်ပါ တယ်။

ရေးဝီလ်ကင်ဟာ ချယ်ဆီးအသင်းနဲ့ မန်ချက်စတာယူနိုက်တက်အသင်းတွေမှာ ကစားခဲ့ဘူးသလို ဒီနှစ်သင်းရဲ့ ပရိသတ်စစ်စစ်တစ်ယောက်လည်းဖြစ်ပါတယ်။

ဆာအဲလက်စ်ဖာဂူဆန်ဆိုတာဟာလည်း မန်ချက်စတာယူနိုက်တက်အသင်းရဲ့ အမည်နာမနဲ့တွဲပြီး မေ့ပျောက်လို့မရတဲ့ ပုဂ္ဂိုလ်တစ်ဦးဖြစ်ပါတယ်။ လွန်ခဲ့တဲ့ နှစ်ပတ်လောက်က ဦးနှောက်သွေးကြောပေါက် ဝေဒနာခံစားခဲ့ရတဲ့ ဖာဂူဆန်အတွက် ပရိသတ်တွေကလည်း ဆုတောင်း ပေးနေကြပါတယ်။ ဒါကြောင့် မန်ချက်စတာယူနိုက်တက်အသင်းအတွက် ဒီဆုဖလားသာရခဲ့လျှင် ဖာဂူဆန်အတွက် ရည်ညွှန်းခြင်းပဲဖြစ်ပါတယ်။

သေချာတာကတော့ ပြိုင်ပွဲအပေါ် သက်ဝင်ခံစားမှုက လုံးဝကိုမြင့်မားတဲ့အခြေအနေမှာ ရှိနေပါ တယ်။ ဒါဟာ အထူးဗိုလ်လုပွဲစဉ်ဆိုတာထက် ပိုမိုထူးခြားတဲ့ ပွဲစဉ်တစ်ပွဲ ဖြစ်နှင့်နေပြီးပါပြီ။

မှတ်ချက်များ။