စိတ်လှုပ်ရှားမှု များစွာကို ခံစားခဲ့ရတယ်လို့ ပြောကြားခဲ့တဲ့ ဘာလော့တယ်လီ

Yan Yan

ပြင်သစ်ကလပ်အသင်းဖြစ်တဲ့ နိုက်စ်အသင်း တိုက်စ်မှူး ဘာလော့တယ်လီအနေနဲ့ အသင်းကနေ ထွက်ခွာတော့မှာဖြစ်ပေမယ့် နောက်ဆုံးကစားခဲ့တဲ့ ပွဲစဉ်အထိ ဘယ်အသင်းကို ပြောင်းရွှေ့ရမယ်ဆိုတာကို မပြင်ဆင်ရသေးဘူးလို့ ပြောကြားခဲ့ပါတယ်။

လီဗာပူးလ်အသင်းကနေ နိုက်စ်အသင်းကို (၂၀၁၆) ခုနှစ်မှာ ပြောင်းရွှေ့ခဲ့ပြီးနောက်မှာတော့ အသင်းအတွက် ခြေစွမ်းပြသနိုင်ခဲ့ပြီး ပြိုင်ပွဲစုံ (၆၅) ပွဲမှာ (၄၃) ဂိုးအထိသွင်းယူပေးထားနိုင်ခဲ့ပါတယ်။ဒါ့ပေမယ့် နိုင်ငံအသင်းအတွက် (၂၀၁၄) ကမ္ဘာ့ဖလားပြိုင်ပွဲမှာ နောက်ဆုံးကစားခဲ့ရတာဖြစ်လို့ ပွဲထွက်ခွင့် ပြန်လည်ရရှိနိုင်ဖို့အတွက် အခုလိုဆုံးဖြတ်ချက်ချခဲ့ဟန်ရှိပါတယ်။

လက်ရှိကစားနေတဲ့ နိုက်စ်အသင်းနဲ့ စာချုပ်သက်တမ်းတိုးချုပ်ဆိုဖို့ကို ဘာလော့တယ်လီ ငြင်းဆန်ထားခဲ့ပြီး အီတလီမြေမှာ ပြန်လည်သွားရောက်ကစားဖို့အတွက် စီစဉ်နေပါတယ်။အေစီမီလန်အသင်းနဲ့ အင်တာမီလန်လို စီးရီးအေထိပ်သီးကလပ်အသင်းတွေမှာ ကစားခဲ့ဖူးတဲ့ ဘာလော့တယ်လီဟာ စီးရီးအေ ချန်ပီယံ ဂျူဗင်တပ်အသင်းနဲ့ လက်ရှိအချိန်မှာ ချိတ်ဆက်မှုတွေပြုလုပ်နေခဲ့ပါတယ်။

“ နိုက်စ်အသင်းရဲ့ အိမ်ကွင်းဖြစ်တဲ့ Allianz Riviera မှာ နောက်ဆုံးကစားခဲ့ရတဲ့ ပွဲစဉ်ဖြစ်တဲ့အတွက် စိတ်ခံစားမှု အများကြီးဖြစ်ပေါ်ခဲ့ပါတယ်။ဒါပေမယ့် လာမယ့်ရာသီအတွက်ကို ဘာတွေဆက်ဖြစ်မယ်ဆိုတာကို ကိုယ်တိုင်တောင် မသိသေးတဲ့ အခြေအနေဖြစ်ပြီး အသင်းကနေ ထွက်ခွာဖြစ်ခဲ့ရင်တော့ တကယ့်ကို ၀မ်းနည်းရမှာပါ” ဆိုပြီး ဘာလော့တယ်လီက နိုက်စ်အသင်းရဲ့ official Youtube Channel မှာ ပြောကြားခဲ့ပါတယ်။

မှတ်ချက်များ။