ဟာဇက်ရဲ့တစ်လုံးတည်းသောပင်နယ်တီသွင်းဂိုးနဲ့အတူအက်ဖ်အေဖလားချန်ပီယံဆုကိုင်မြှောက်ခွင့်ရခဲ့တဲ့ချယ်ဆီး

Thet Htet Lin

မနေ့ညက ကစားခဲ့တဲ့ အက်ဖ်အေဖလားဗိုလ်လုပွဲမှာတော့ ဟာဇက်ရဲ့ တစ်လုံးတည်းသာ ပင်နယ်တီ သွင်းဂိုးနဲ့အတူ ချယ်ဆီးအသင်းက မန်ချက်စတာယူနိုက်တက်အသင်းကို (၁)ဂိုး ဂိုးမရှိနဲ့ အနိုင်ရ ဗိုလ်စွဲခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းနဲ့ ချယ်ဆီးအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့တဲ့ (၁၃၇)ကြိမ်မြောက် အက်ဖ်အေဖလား ဗိုလ်လုပွဲစဉ်မှာတော့ နှစ်သင်းစလုံးဟာ ဒီရာသီမှာ သိက္ခာဆယ်ဖို့ နောက်ဆုံး အခွင့်အရေးဖြစ်တာကြောင့် အနိုင်ရဖို့ မဖြစ်မနေလိုအပ်နေခဲ့တာလည်းဖြစ်ပါတယ်။

ပွဲကစားချိန် (၁၃)မိနစ်မှာပဲ ဘာကာယိုကို ကို မာတစ်က ပင်နယ်တီစည်းအတွင်း နောက်ကနေ တွန်းသလိုဖြစ်ခဲ့ပေမယ့် ကွင်းလယ်ဒိုင် မေချယ်အိုလီဗာက ပင်နယ်တီသတ်မှတ်ပေးခဲ့ခြင်းမရှိပါဘူး။

ဒါပေမယ့်လည်း နောက်ထပ် (၇)မိနစ်အကြာမှာတော့ ချယ်ဆီးအသင်းက ပင်နယ်တီကန်ခွင့်ရရှိခဲ့ပါ တယ်။ ဒီတစ်ကြိမ်မှာတော့ ဟာဇက်ကို ဖီးလ်စ်ဂျုံးစ် နောက်ကနေ ဖျက်ထုတ်ပုံကြမ်းတမ်းခဲ့တာကြောင့် ကွင်းလယ်ဒိုင်က ပင်နယ်တီသတ်မှတ်ပေးခဲ့တာဖြစ်ပါတယ်။

အဆိုပါပင်နယ်တီပြစ်ဒဏ်ဘောကို ဟာဇက်ကိုယ်တိုင် အမှားအယွင်းမရှိဘဲ ကန်သွင်းခဲ့ပြီး ချယ်ဆီးအသင်း အဖွင့်ဂိုးရရှိခဲ့ပါတယ်။ ပထမပိုင်းမှာတော့ ချယ်ဆီးအသင်းက (၁)ဂိုး ဂိုးမရှိနဲ့ ဦးဆောင် နိုင်ခဲ့ပါတယ်။

ဒုတိယပိုင်းပြန်လည်စတင်ချိန်မှာ မန်ချက်စတာယူနိုက်တက်အသင်း ဟာ ချေပဂိုးပြန်လည်ရရှိဖို့အတွက်ရည်ရွယ်ပြီး ချယ်ဆီးအသင်းဘက်ကို တိုက်စစ်ဆင်ခဲ့ပါတယ်။

ပွဲကစားချိန် (၅၆)မိနစ်မှာ ပင်နယ်တီစည်းအစပ်မှ ရက်ရှ်ဖို့ဒ် ကန်သွင်းခွင့်တစ်ကြိမ်ရခဲ့ပေမယ့် ချယ်ဆီး ဂိုးသမား ကော်တိုရစ် ပုတ်ထုတ်ကာကွယ်နိုင်ခဲ့ပါတယ်။

ပွဲချိန် (၆၃)မိနစ်မှာ အလွတ်တည်ကန်ဘောမှတစ်ဆင့် ဂိုးသမားကော်တိုရစ်ပုတ်ထုတ်လိုက်တဲ့ ဘောလုံးကို ဆန်းချက်ဇ် ပိတ်သွင်းခဲ့ပေမယ့် VAR နည်းပညာ အဆုံးအဖြတ်အရ လူကျွံဘောသာ လျှင် သတ်မှတ်ပေးခဲ့ပါတယ်။ ရုပ်သံအနှေးပြကွက်တွေမှာတော့ ဆန်းချက်ဇ်ဟာ တကယ်ပဲ လူကျွံနေခဲ့တာဖြစ်ပါတယ်။

လက်ကျန်ပွဲချိန်တွေမှာ နှစ်သင်းလုံး ဂိုးထပ်မံသွင်းယူနိုင်ခြင်းမရှိတော့တာကြောင့် ပွဲပြီးဆုံးချိန်မှာ ချယ်ဆီးအသင်းက မန်ချက်စတာယူနိုက်တက်အသင်းကို (၁)ဂိုး ဂိုးမရှိနဲ့ အနိုင်ရကာ အက်ဖ်အေဖလားကြီးကို ကိုင်မြှောက်ခွင့်ရရှိခဲ့ပါတယ်။

မှတ်ချက်များ။