ချယ်ဆီးအသင်းတာဝန်ရှိသူတွေကိုသတိပေးပြောကြားလိုက်တဲ့ကွန်တီ

Thet Htet Lin

ချယ်ဆီးအသင်းနည်းပြ ကွန်တီက တကယ်လို့ သူသာ ထုတ်ပယ်ခံရမယ်ဆိုရင် အသင်းအနေနဲ့ အစဉ်လိုက် အောင်ြမင်မှုရယူပေးသူကို ဆုံးရှုံးလိမ့်မည်ဖြစ်ကြောင်း အသင်းတာဝန်ရှိသူတွေကို ပြောကြားလိုက်ပါတယ်။

ချယ်ဆီးအသင်းဟာ မနေ့ညက ကစားခဲ့တဲ့ အက်ဖ်အေဖလား ဗိုလ်လုပွဲစဉ်မှာ မန်ချက်စတာယူနိုက် တက်အသင်းကို (၁)ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိပြီး ဗိုလ်စွဲခဲ့တာဖြစ်ပါတယ်။

ချယ်ဆီးအသင်းဟာ အက်ဖ်အေဖလား ကိုရယူနိုင်ခဲ့ပေမယ့်လည်း ပရီးမီးယားလိဂ်မှာ အမှတ်ပေးဇယား အဆင့် (၅)နေရာမှာ ရပ်တည်နိုင်ခဲ့သလို ချန်ပီယံလိဂ်ဝင်ခွင့်နဲ့လည်း လွဲချော်ခဲ့ရ ပါတယ်။

ဒီရာသီမှာ ရုန်းကန်မှုတွေရှိခဲ့ပေမယ့်လည်း လက်ရှိချိန်ထိတော့ ကွန်တီဟာ သူ့ရဲ့လုပ်နိုင်စွမ်းအပေါ် ယုံကြည်နေဆဲဖြစ်ပါတယ်။

“ နှစ်တိုင်း အောင်မြင်မှုတွေနဲ့ အသားကျနေတယ်ဆိုရင် ဒီလို ဘောလုံးရာသီမျိုးက ကိုယ့်ကိုယ်ကို ပြဿနာတွေ ဖန်တီးပေးစေပါတယ်။ ဒီလိုမျိုး ဘောလုံးရာသီလို့ပဲ ကျွန်တော်လည်းထင်ပါတယ်။ ကျွန်တော် အစဉ်လိုက် အောင်မြင်မှုတွေကို ပြသနိုင်ခဲ့တယ်။ ဒီရာသီမှာ အက်ဖ်အေဖလား ရယူလိုက် ခြင်းက အတိတ်မှာ ကျွန်တော်ရယူခဲ့တဲ့ အောင်မြင်မှုတွေထက် ပိုပြီး စိတ်ကျေနပ်စေပါတယ်။ ” လို့ ကွန်တီကဆိုပါတယ်။

ဒါ့အပြင် ကွန်တီက အသင်းအနေနဲ့ သူ့ကို ထောက်ခံမည်လား ၊ ထုတ်ပယ်မည်လား ဆိုတာကို မေးခွန်းထုတ်ခဲ့ပြီး တာဝန်ရှိသူတွေအနေနဲ့ ထုတ်ပယ်ဖို့ ဆုံးဖြတ်ခဲ့ရင်တောင် နားလည်ပေး နိုင်ကြောင်း ဆိုပါတယ်။

“ (၂)နှစ်ရှိပြီဆိုတော့ ကျွန်တော့်အကြောင်းလည်း အသင်းက ကောင်းကောင်းသိပါပြီ။ ကျွန်တော်နဲ့ အလုပ်ဆက်လုပ်ချင်တယ်ဆိုရင်တော့ ကျွန်တော့်ဘက်က မပြောင်းလဲဘူးဆိုတာ သူတို့သိပါတယ်။ အရင်ကရော အခုရော ၊ ကစားသမားအနေနဲ့ရော နည်းပြအနေနဲ့ရော ဒါကို ရှင်းရှင်းလင်းလင်း ပြောခဲ့ပါတယ်။ ကျွန်တော်က အစဉ်လိုက်အောင်မြင်မှုတွေရယူပေးသူပါ။ အသင်းအတွက် ခက်ခဲတဲ့ အခြေအနေတွေမှာ ကျွန်တော်လုပ်ပြနိုင်ခဲ့တယ်။ အသင်းက ၂၀၁၅-၁၆ ဘောလုံးရာသီမှာ အဆင့် (၁၀) နေရာရပ်တည်နိုင်ခဲ့တယ်။ ပြီးတော့ ကျွန်တော် ဖလား (၂)လုံးရယူပေးနိုင်ခဲ့တယ်။ ” လို့ ကွန်တီကပြောပါတယ်။

“ ကျွန်တော့်မှာ စာချုပ်ကျန်သေးတယ်။ အသင်းအတွက် လုပ်ပေးရဦးမယ်။ အားလုံးလည်းသိပါတယ်။ ကျွန်တော်တို့အလုပ်က မရိုးရှင်းဘူး။ အသင်းက ဘာမဆိုဆုံးဖြတ်နိုင်တယ်ဆိုတာ ကျွန်တော်နားလည်တယ်။ ကျွန်တော်က အရင်နားလည်ရမှာလေ။ ”

“ ကျွန်တော်တို့ ဒီရာသီမှာ အမြင့်ဆုံး လုပ်ခဲ့နိုင်လားဆိုတာကို ပရိသတ်တွေ နားလည်ရပါမယ်။ ဒီကစားသမားတွေအားလုံးနဲ့အတူ ကျွန်တော်တို့ အမြင့်ဆုံးလုပ်နိုင်ခဲ့တယ်ဆိုတာ ဖြစ်နိုင်ပါတယ်။ သေချာတယ်။ အကောင်းဆုံး ဆုံးဖြတ်ချက်ကိုချမယ်။ ကျွန်တော်က အနာဂတ်အတွက် ဘယ်ဆုံးဖြတ် ချက်ကိုမဆိုလက်ခံသွားမှာပါ။ ကျွန်တော့် အနာဂတ်က ပြောင်းပြန်ဖြစ်နေမယ်ဆိုရင်တောင် အသင်းနဲ့ ပရိသတ်တွေကို သံယောဇဉ်ရှိနေဦးမှာပါ။ ” လို့ ကွန်တီက ဆက်လက်ပြောကြားခဲ့ပါတယ်။

မှတ်ချက်များ။