ကွန်တီအသင်းကနေ ထွက်ခွာခဲ့မယ်ဆိုရင် ၀မ်းနည်းရလိမ့်မယ်လို့ ပြောကြားခဲ့တဲ့ ဂီးရော့ဒ်

Yan Yan

ချဲလ်ဆီးအသင်းက မန်ချက်စတာ ယူနိုက်တက်အသင်းကို (၁) ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိပြီး FA ဖလား ရယူနိုင်ခဲ့တဲ့ ပွဲစဉ်အပြီးမှာ အသင်းနည်းပြ ကွန်တီကို ထောက်ခံတဲ့ စကားဆိုခဲ့ပါတယ်။

ကွန်တီအနေနဲ့ အသင်းမှာ အနာဂတ်မသေချာတော့တဲ့ သတင်းတွေတွေထွက်ပေါ်နေခဲ့တာဖြစ်ပြီး ပြီးဆုံးခဲ့ပြီဖြစ်တဲ့ ရာသီမှာ ချဲလ်ဆီးအသင်း ချန်ပီယံဆုကို ကာကွယ်နိုင်ခဲ့ခြင်းမရှိပဲ အဆင့် (၅) နေရာနဲ့သာ ရာသီကုန်ဆုံးခဲ့တာကြောင့် အသင်းကနေထွက်ခွာရဖို့ သတင်းတွေက အမှန်ဖြစ်လာနိုင်တယ်လို့ ဆိုရမှာပါ။

ဒါပေမယ့် ဂီးရော့ဒ်က ကွန်တီအသင်းကနေ ထွက်ခွာသွားရင်ဆိုတဲ့ မေးခွန်းနဲ့ ပတ်သက်ပြီး “ကွန်တီအသင်းကနေ ထွက်ခွာသွားရင် တကယ်ကို ၀မ်းနည်းစရာ ဖြစ်လာမှာပါ။အတူတူရှေ့ဆက်ဖို့ လိုအပ်နေပြီး လက်ရှိမှာ ကမ္ဘာ့ဖလား ပြိုင်ပွဲကိုလည်း ၀င်ရောက်ယှဉ်ပြိုင်ခွင့် ရရှိခဲ့ပါပြီ။လာမယ့်ရာသီမှာ ချဲလ်ဆီးအသင်းအတွက် အောင်မြင်မှုတွေ ရယူချင်ပါသေးတယ်။” လို့ ပြောကြားခဲ့ပါတယ်။

ဂီးရော့ဒ်ဟာ ယခုနှစ် ဇန်န၀ါရီလမှာ ချဲလ်ဆီးအသင်းကို စတင်ရောက်ရှိခဲ့ပြီး အသင်းအတွက် သွင်းဂိုး (၃) ဂိုးသွင်းယူပေးထားနိုင်ခဲ့ပေမယ့် FA ဖလား ဗိုလ်လုပွဲစဉ်မှာ မိုရာတာကို ကျော်ပြီးပွဲထွက် ကစားသမားအဖြစ် ပါဝင်ခွင့်ရရှိခဲ့ပါတယ်။

ဒီဖလားကတော့ ကွန်တီအသင်းကို စတင်ကိုင်တွယ်ခဲ့တဲ့ (၂၀၁၆) ခုနှစ်တည်းက ယခုအချိန်ထိ (၂) လုံးမြောက် ရယူနိုင်ခဲ့တဲ့ ဆုဖလားဖြစ်ပါတယ်။

မှတ်ချက်များ။