ပေါ်တိုအသင်းမှ ပီရဲယားကို ခေါ်ယူရန် သဘောတူညီမှု ရရှိခဲ့တဲ့ လက်စတာ စီးတီး

Yan Yan

လက်စတာစီးတီးအသင်းအနေနဲ့ ပေါ်တိုအသင်း ညာနောက်ခံလူ ရီကာဒို ပီရဲယားကို (၅) နှစ်စာချုပ်နဲ့ ခေါ်ယူဖို့ သဘောတူညီမှု ရရှိခဲ့ပြီလို့ စနေနေ့က ထုတ်ပြန်ကြေငြာခဲ့ပါတယ်။

လက်စတာ စီးတီးအသင်းအနေနဲ့ အပြည်ပြည်ဆိုင်ရာ အပြောင်းရွှေ့နဲ့ သက်ဆိုင်တဲ့ အချက်အလက်တွေကို စောင့်ဆိုင်းနေပြီး ဇွန်လ (၉) ရက်နေ့ မတိုင်ခင် အပြီးသတ်စာချုပ်ချုပ်ဆိုနိုင်ဖို့ မျှော်လင့်နေပါတယ်။

“ဒီနေရာကို ရောက်ရှိဖို့အတွက် ပျော်ရွှင်နေပြီး အသင်းအတွက် အကောင်းဆုံးတွေ ကူညီပေးနိုင်ဖို့ မစောင့်နိုင်တော့ပါဘူး။အသင်းပရိသတ်တွေနဲ့ ပြိုင်ပွဲရဲ့ ပုံစံတွေက ပရီးမီးယားလိဂ်ကို ကမ္ဘာ့အကောင်းဆုံး လိဂ်ပြိုင်ပွဲတစ်ခု အဖြစ်ရပ်တည်စေပါတယ်။အသင်းကို အကောင်းဆုံး ထောက်ပံ့ပေးသွားမှာ ဖြစ်ပြီးအောင်မြင်မှုတွေ ရရှိဖို့အတွက် ကူညီပေးသွားမှာပါ။” လို့ ပီရဲယားက LCTV မှာ ပြောကြားခဲ့ပါတယ်။

လက်စတာစီးတီးအသင်း မန်နေဂျာ ကလုခ်ပေါလ်ကတော့ “လာမယ့်ရာသီမှာ ပီရဲယားတို့လို အရည်အသွေးမြင့် ကစားသမားတွေ ပါဝင်လာတဲ့အတွက် ၀မ်းမြောက်မိပါတယ်။နိုက်အသင်းမှာ (၂၀၁၅-၁၆) ခုနှစ် နည်းပြပြုလုပ်ခဲ့စဉ်က သူ့ရဲ့ခြေစွမ်းကို ကောင်းကောင်းသိထားပြီးသားပါ။ ” ဆိုပြီး မှတ်ချက်ပေးခဲ့ပါတယ်။

ပီရဲယားဟာ ပြီးခဲ့တဲ့ရာသီက ပေါ်တိုအသင်းအတွက် ပွဲစဉ် (၂၇) ပွဲပွဲထွက်ခဲ့ပြီး လက်ရှိပေါ်တူဂီအသင်းရဲ့ (၂၃) ဦးအပြီးသတ်လူစာရင်းမှာ ပါဝင်ခဲ့တာကြောင့် နိုင်ငံအသင်းအတွက် သွားရောက်ကစားရဦးမှာဖြစ်ပါတယ်။

လက်စတာစီးတီးအသင်းကတော့ ပြီးခဲ့တဲ့ရာသီမှာ အဆင့် (၉)နေရာကို ရရှိခဲ့ပြီး ယူရိုပါလိဂ် ၀င်ခွင့်အတွက် ရမှတ် (၇) မှတ်အကွာမှာ ရပ်တည်ခဲ့ပါတယ်။

မှတ်ချက်များ။