ရှနွန်ဘရစ်စ် ၊ အန်တိုနီတာဗာ တို့နဲ့ ထိုးသတ်ဖို့ တိုင်ဆန်ဖျူရီမျှော်မှန်းထား

Thet Htet Lin

ဗြိတိန်လက်ဝှေ့ကစားသမား တိုင်ဆန်ဖျူရီက သူ့အနေနဲ့ ရှနွန်ဘရစ်စ် ၊ အန်တိုနီယိုတာဗာ အစရှိတဲ့ ကစားသမားတွေနဲ့ထိုးသတ်ဖို့ စာချုပ်ချုပ်ဆိုချင်ပေမယ့်လည်း အဆိုပါကစားသမား (၂)ဦးစလုံးဟာ သူ့ရဲ့ တစ်ကျော့ပြန်ထိုးသတ်မှုမှာ ပြိုင်ဘက်ဖြစ်လာနိုင်မည်မဟုတ်ကြောင်း ပြောကြားလိုက်ပါတယ်။

တိုင်ဆန်ဖျူရီဟာ ၂၀၁၅ နိုဝင်ဘာတုန်းက ယူကရိန်းလက်ဝှေ့ကစားသမား ခလစ်စခို ကို အနို်င်ရရှိပြီးကတည်းက ပွဲတွေမထိုးသတ်တော့တာလည်းဖြစ်ပါတယ်။ တိုင်ဆန်ဖျူရီဟာ လက်ဝှေ့လောကမှာ ဘာမှ လှုပ်ရှားမှုမရှိတော့တာကြောင့် ပြီးခဲ့တဲ့ကြာသပတေးနေ့ကပဲ Ring Magazine ကပေးအပ်တဲ့ ဟဲဗီးဝိတ်ချန်ပီယံဆုကို ပြန်လည်ရုတ်သိမ်းခြင်းခံခဲ့ရပါ တယ်။

IBF , WBA စူပါဝိတ်တန်း , WBO ချန်ပီယံကစားသမားဟောင်းဖြစ်တဲ့ ဖျူရီဟာ မကြာ သေးခင်ကပဲ ဘန်ဒေဗစ်ဆင်ကို နည်းပြသစ်အဖြစ် ကမ်းလှမ်းမှုတွေပြုလုပ်ခဲ့ကာ လက်ဝှေ့လောကထဲ ကို ပြန်လည်ဝင်ရောက်ဖို့လုပ်ခဲ့ပြီး အန်တိုနီယိုတာဗာနဲ့ ရှနွန်ဘရစ်စ် တို့ ကို စိန်ခေါ်ခဲ့တာလည်းဖြစ်ပါတယ်။

သောကြာနေ့က တွစ်တာစာမျက်နှာမှတစ်ဆင့် ဖျူရီကပြောကြားရာမှာ – “ ပထမဆုံး ရှနွန် ကို ပြောချင်ပါတယ်။ ထိုးသတ်ဖို့ စိန်ခေါ်ပါတယ်။ ဒုတိယအနေနဲ့ သူ့ဆီကို စာချုပ်တစ်စောင် ပို့လိုက်ပါ့မယ်။ ဒါဆိုရင် အားလုံးတိတိကျကျဖြစ်လာပြီး သူလည်း လေ့ကျင့်ဖို့ ရအောင်လို့ပါ။ ခင်ဗျားရဲ့ကြံ့ခိုင်မှုကိုထိန်းထားပါ။ သန်မာအောင်လုပ်ထားပါ။ ပွဲအတွက်ပြင်ဆင်ထားပါ။ တကယ်လို့ သူစိတ်ပါတယ်ဆိုရင် ကျွန်တော့ဆီလာပြီး ထရိန်နင်အတူလုပ်လို့ရပါသေးတယ်။ ပြဿနာမရှိပါဘူး။ အတူလုပ်ကြတာပေါ့။ မကြာခင်စာချုပ်တစ်စောင်ရောက်လာပါလိမ့်မယ်။ ” လို့ ဆိုပါတယ်။

နောက်တစ်ရပ်မှာလည်း ဖျူရီက ရှနွန် (သို့) တာဗာ နဲ့ထိုးသတ်ဖို့ ၀မ်းမြောက်စွာမျှော်လင့် နေကြောင်း ထပ်မံပြောကြားခဲ့ပါတယ်။
“ ခင်ဗျားတို့ကို ကျွန်တော်တစ်ခုပဲရှင်းရှင်းလင်းလင်းပြောချင်ပါတယ်။ ရှနွန်ကိုမထိုးခင် စာချုပ် တစ်စောင်ပို့လိုက်ဖို့ပြောခဲ့ပါတယ်။ ဒါပေမယ့် သူကျွန်တော်နဲ့ထိုးလိမ့်မှာမဟုတ်ပါဘူး။ ဒါပေမယ့် ကျွန်တော့်ဘက်က ထိုးဖို့အဆင်သင့်ဖြစ်တဲ့အချိန်တိုင်းမှာ သူ့ကိုစာချုပ်မှာလက်မှတ် ထိုးဖို့ကမ်းလှမ်းမှာပါ။ အန်တိုနီယိုတာဗာကိုလည်း ဒီလိုပဲ စာချုပ်နဲ့ကမ်းလှမ်းမှာပါ။ ရှနွန် ခင်ဗျားဆီ စာချုပ်တစ်စောင်လှမ်းပို့လိုက်ပါ့မယ်။ ဒါပေမယ့် ကျွန်တော့်ရဲ့တစ်ကျော့ပြန်ပွဲစဉ် အဖြစ် မမှတ်လိုက်ပါနဲ့ဦး ။ လေ့ကျင့်ထားပါ။ အဆင်သင့်ဖြစ်ဖို့ ပြင်ဆင်ထားပါ ” လို့  ဖျူရီက တွစ်တာမှာပြောကြားခဲ့ပါတယ်။

မှတ်ချက်များ။