စင်ကာပူမှာ ကျင်းပဖို့ အတည်ပြုခဲ့တဲ့ လက်ဝှေ့ပွဲစဉ် ၃ ပွဲ

ကမ္ဘာ့ချန်ပီယံ နဲ့ ဒေသတွင်း ချန်ပီယံလုပွဲအဖြစ် ယှဉ်ပြိုင်ကစားမယ့် အဓိက လက်ဝှေ့ပွဲစဉ် ၃ ပွဲကို စင်ကာပူနိုင်ငံမှာ လာမယ့် ဧပြီလ မှာ ကျင်းပသွားမယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။ ဒီပွဲစဉ်တွေကို Singapore Indoor Stadium မှာ ကျင်းပပြုလုပ် သွားမှာဖြစ်ပြီး ဒီအားကစားရုံမှာ ကျင်းပတဲ့ ပထမဆုံး လက်ဝှေ့ ပွဲစဉ်တွေ ဖြစ်လာဖို့ ရှိနေပါတယ်။

ဒီထိုးသတ်မယ့် ပွဲစဉ်များကို Ringstar Boxing’s Roar of Singapore IV – Night of Champions လို့ အမည်ပေးထားပြီး ဧပြီလ ၂၀ ရက်နေ့မှာ ကျင်းပသွား မှာဖြစ်ကာ အဓိက ပွဲစဉ် ၃ ပွဲကို ထည့်သွင်း ကျင်းပသွားမှာ ဖြစ်ပါတယ်။

စင်ကာပူ လက်ဝှေ့သမားဖြစ်တဲ့ မူဟာမက် ရဒ်ဝန် (The Chosen Wan) ကတော့ သူ့ရဲ့ ရှုံးပွဲမရှိ ထိုးသတ်ထားနိုင်တဲ့ စံချိန်ကို ဆက်လက် ထိန်းသိမ်း နိုင်ဖို့ အတွက် featherweight ချန်ပီယံလုပွဲအဖြစ် ဖီလစ်ပိုင် နိုင်ငံသား ဂျီဆန် အူမယ်နဲ့ ရင်ဆိုင် ထိုးသတ်သွားမှာ ဖြစ်ပါတယ်။

ဒီပွဲစဉ်မှာ အနိုင်ရရှိဖို့ ရေပန်းစားနေတဲ့ သူကတော့ ဂျီဆန် အူမယ် ဖြစ်ပြီး အပြည်ပြည်ဆိုင်ရာ လက်ဝှေ့အဖွဲ့အစည်း IBO ရဲ့ အဆင့် ရပ်တည်မှုမှာလည်း ရဒ်ဝန် ထက် အဆင့် ၈ ဆင့် သာလွန်နေသူ တစ်ဦးပါ။

နောက်ထပ် ဖီလစ်ပိုင် လက်ဝှေ့သမားတစ်ဦးဖြစ်သူ မိုက်ကယ် ဒက်စ်မာရီနက်စ် ကတော့ ပြင်သစ်နိုင်ငံသား ကာရင် ဂါဖီ နဲ့ IBO world championship title အဖြစ် ကမ္ဘာ့ချန်ပီယံလုပွဲ အဖြစ် ရင်ဆိုင်ထိုးသတ်သွားမှာ ဖြစ်ပါတယ်။

နောက်ဆုံး အဓိက ပွဲစဉ်အဖြစ်ကတော့ မလေးရှားနိုင်ငံသား မီရစ်ခန် နဲ့ နယူးဇီလန် နိုင်ငံသား ချေ့စ် ဟာလေ တို့ အာရှမှာ လွတ်လပ်နေတဲ့ ချန်ပီယံ တစ်နေရာဖြစ်တဲ့ WBC Asia Continental lightweight ချန်ပီယံ ဘွဲ့အတွက် ရင်ဆိုင် ထိုးသတ်သွားမှာ ဖြစ်ပါတယ်။ ဟာလေဟာ လက်ရှိ သမုဒ္ဒရာ ပိုင်းဇုန် ရဲ့ IBO ချန်ပီယံ တစ်ဦးအဖြစ် ရပ်တည်ထားနိုင်သူ တစ်ဦးပါ။

ပြိုင်ပွဲကို စီစဉ်ခဲ့တဲ့ စကော့ဖာရယ်ကတော့ “ အာရှရဲ့ အားကစားအဆင့်အတန်း မြင့်မားမှုကို ပြသသွားမယ့် ပြိုင်ပွဲပါ။ စင်ကာပူ နိုင်ငံရဲ့ အကောင်းဆုံး ပြိုင်ပွဲ ကျင်းပရာ နေရာတစ်ခုဖြစ်တဲ့ Singapore Indoor Stadium ရဲ့ အဆင့်အတန်းကိုလည်း မြှင့်တင်ရာရောက်အောင် ပထမဆုံး အပြည်ပြည်ဆိုင်ရာ လက်ဝှေ့ပွဲကို လက်ခံကျင်းပနိုင်အောင် စီစဉ်ခဲ့တာပါ” ဆိုပြီး ပြောကြားပါတယ်။

လက်မှတ်များကို ဖေဖော်ဝါရီ ၁၀ ရက်နေ့မှာ စတင်ရောင်းချသွားမှာ ဖြစ်ပြီး VIP လက်မှတ်ဈေးနှုန်းကိုတော့ စင်ကာပူဒေါ်လာ ၅၀၀၀ သတ်မှတ်ထားပြီး မတ်လ ၂၀ ရက်နေ့ မတိုင်ခင်ထိ ၀ယ်သူသူတွေကိုတော့ စင်ကာပူဒေါ်လာ ၄၀၀၀ နဲ့ ရောင်းချသွားမှာ ဖြစ်ပါတယ်။

ကြိုးဝိုင်းဘေး ထိုင်ခုံတွေကိုတော့ စင်ကာပူဒေါ်လာ ၂၈၈ ဒေါ်လာ နဲ့ ရောင်းချသွား မှာ ဖြစ်ပြီး အစောဆုံး ၀ယ်ယူသူတွေကို စင်ကာပူ ဒေါ်လာ ၂၀၀ သတ်မှတ်ပေးထားပြီး ကွင်းအတွင်း ထိုင်ခုံဈေးနှုန်းကိုတော့ စင်ကာပူဒေါ်လာ ၃၈ ဒေါ်လာ နဲ့ အစောပိုင်း ၀ယ်သူတွေအတွက် စင်ကာပူဒေါ်လာ ၂၀ သတ်မှတ်ပေး ထားတယ်လို့လည်း ထုတ်ပြန်ကြေငြာထားပါတယ်။

နောက်ထပ် အကြောင်းအရာတွေ ထပ်မံကြည့်ရှုချင်တယ်ဆိုရင် www.ringstar-boxing.com မှာ ၀င်ရောက်ကြည့်ရှုနိုင်ကြောင်းကိုလည်း ပြိုင်ပွဲ ကျင်းပသူတွေက ထုတ်ပြန်ပေးထားပါတယ်။

မှတ်ချက်များ။